ဂျပန်နိုင်ငံသို့ ရှားပါးပုတ်သင်ညိုများ တရားမဝင်သယ်ဆောင်လာသည့် မက္ကဆီကိုနိုင်ငံသားတစ်ဦးအား ဖမ်းဆီး

ဆိုးလ်   ဩဂုတ်   ၁၃

တောင်ကိုရီးယားနိုင်ငံမှတစ်ဆင့် ဂျပန်နိုင်ငံသို့  ရှားပါးပုတ်သင်ညိုမျိုးစိတ်များကို တရားမဝင်သယ်ဆောင်လာရန် ကြိုးပမ်းခဲ့သည့် မက္ကဆီကိုနိုင်ငံသား အမျိုးသားတစ်ဦးကို တိုကျိုရဲတပ်ဖွဲ့က   ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အသက် ၂၃ နှစ်အရွယ် ဒန်နီယယ် ဗီလာစကို ဘော်တာဇာက ပြီးခဲ့သည့်  ဩဂုတ် ၈ ရက်တွင် တိုကျိုမြို့ရှိ  ဟာနီဒါလေဆိပ်မှတစ်ဆင့် အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ  ပုတ်သင်ညိုမျိုးစိတ် ကိုးကောင်ကို  ဂျပန်နိုင်ငံ၏ အကောက်ခွန်ဥပဒေကို ချိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ ပုတ်သင်ညိုများသည် မက္ကဆီကိုနိုင်ငံ၏ တောင်ပေါ်ဒေသများတွင်သာ တွေ့ရှိရသည့် မျိုးစိတ်များ ဖြစ်ကြသည်။ ၎င်း ပုတ်သင်ညိုများကို နိုင်ငံဖြတ်ကျော် ရောင်းဝယ်ဖောက်ကားခြင်းအား ‘မျိုးသုဉ်းလုနီးပါးဖြစ်နေသော တောရိုင်းတိရစ္ဆာန်နှင့် အပင်မျိုးစိတ်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ  သဘောတူစာချုပ်’အရ ကန့်သတ်ထားပြီး နိုင်ငံတွင်းသို့ တင်သွင်းလိုပါက အစိုးရ၏ ခွင့်ပြုချက်လိုအပ်ကြောင်း သိရသည်။

မက္ကဆီကိုနိုင်ငံသားတစ်ဦးသည် ပုတ်သင်ညိုများကို တရားမဝင်သယ်ဆောင်လာရန် ကြိုးပမ်းနေကြောင်းသတင်းရရှိသဖြင့် တိုကျိုရဲတပ်ဖွဲ့က ဇူလိုင်လအတွင်းတွင် အကောက်ခွန်အရာရှိများအား  အသိပေးအကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ယင်းနောက် အကောက်ခွန်အရာရှိများက စစ်ဆေးမှုပြုလုပ်စဉ် အဆိုပါပုတ်သင်ညိုများကို တွေ့ရှိခဲ့သည်။ ၎င်းပုတ်သင်ညိုများကို ခြေအိတ်များအတွင်း ထည့်သွင်းပြီး  တီရှပ်များဖြင့်  ပတ်ထုပ်ထားခဲ့ခြင်းဖြစ်သည်။

အကောက်ခွန်အရာရှိများက သံသယရှိသူ၏ ခရီးဆောင်အိတ်အတွင်းမှ မျိုးစိတ်အမျိုးမျိုးရှိ ပုတ်သင်ညိုကောင်ရေ ၂၀၀ ခန့် ကို တွေ့ရှိခဲ့သည်။

သံသယရှိသူက  တရားမဝင်သယ်ဆောင်မှုစွဲချက်ကို ဝန်ခံထားပြီး အဆိုပါပုတ်သင်ညိုများကို မက္ကဆီကိုနိုင်ငံ၌ တစ်ကောင်လျှင် အမေရိကန်ဒေါ်လာ ၃ ဒေါ်လာမှ ၅ ဒေါ်လာခန့်ဖြင့် ဝယ်ယူခဲ့ကြောင်း ပြောကြားခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်