အာဖဂန်နစ္စတန်နိုင်ငံ၌ အသက် ငါးနှစ်အောက်ကလေးငယ် ၁၀ ဦးလျှင် တစ်ဦးနီးပါး အာဟာရချို့တဲ့မှုဒဏ် ခံစားနေရ

ကဘူး   ဩဂုတ်   ၁၃

အာဖဂန်နစ္စတန်နိုင်ငံ၌ အသက် ငါးနှစ်အောက်ကလေးငယ် ၁၀ ဦးလျှင် တစ်ဦးနီးပါးသည် ပြင်းထန်သောအာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လျှော့ချခံရမှုကြောင့် လူသန်းပေါင်းများစွာ၏ ကျန်းမာရေးဝန်ဆောင်မှုရရှိနိုင်သည့် အခွင့်အလမ်းများ ကန့်သတ်ခံထားရကြောင်း Save the Children အဖွဲ့က ယမန်နေ့တွင် ပြောကြားခဲ့သည်။

လွန်ခဲ့သည့် လေးနှစ်အတွင်း အသက်ငါးနှစ်အောက် ကလေးငယ်များအကြား ပြင်းထန်သော အာဟာရချို့တဲ့မှုနှုန်းမှာ ၁၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် ကလေးငယ်ပေါင်း ၃ ဒသမ ၇ သန်းခန့်အထိ ထိခိုက်ခံစားရမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့က ပြောကြားခဲ့သည်။

အစီရင်ခံစာအရ ရန်ပုံငွေလိုအပ်ချက်များကြောင့် ကျန်းမာရေးစင်တာပေါင်း ၆၀၀ နီးပါး ပိတ်သိမ်းခြင်း သို့မဟုတ် လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းခြင်းများဖြစ်ပေါ်ခဲ့ရာ လူဦးရေ လေးသန်းခန့်အပေါ် သက်ရောက်မှုရှိခဲ့ပြီး မရှိမဖြစ်လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများ ရရှိနိုင်မှုကိုလည်း ပိုမိုကန့်သတ်ခံနေရကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်