ရန်ကုန် ဩဂုတ် ၁၂
FIFAe Nations League Qualifier (Mobile) ပြိုင်ပွဲစဉ်များ အောင်မြင်စွာပြီးဆုံးခဲ့ပြီးနောက် Myanmar eFootball Mobile အသင်းသည် FIFAe ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့် (၁၇) ဆင့်အထိ တက်လှမ်းနိုင်ခဲ့ပြီး ဖီဖာကမ္ဘာ့အဆင့်(၄၀) နေရာသို့ ရောက်ရှိလာခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
Nations League ပြိုင်ပွဲစဉ်များ ကျင်းပနေသည့်ကာလအတွင်း Myanmar eFootball Mobile အသင်းသည် ကမ္ဘာ့အဆင့် (၅၇)၌သာ ရပ်တည်နိုင်ခဲ့သော်လည်း အရေးပါသော နောက်ဆုံးပွဲစဉ်များတွင် ပြောင်မြောက်သည့် နည်းဗျူဟာ၊ ကစားကွက်များနှင့်အတူ ခြေစွမ်းပြနိုင်ခဲ့သဖြင့် Continental Championship သို့ တက်ရောက်နိုင်ခဲ့သည့်အပြင် ယခုကဲ့သို့ အဆင့်အတန်းမြင့် တက်လာခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ အဆင့်တိုးတက်လာခြင်းသည် မြန်မာအသင်း၏ တိုးတက်လာသော အောင်မြင်မှုကို ဖော်ပြနေရုံတင်မကဘဲ ရှေ့ဆက်ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲစဉ်များအတွက်လည်း အရေးပါသည့်အခွင့်အရေးများကို ရရှိစေမည်ဖြစ်သည်။
အထူးသဖြင့် အုပ်စုပွဲစဉ်များ၏ Draft Pick ရွေးချယ်မှုတွင် Ranking မြင့်သည့်အသင်းက ဦးဆောင်ရွေးချယ်ခွင့်ရရှိမည်ဖြစ်သည်။ ထို့ပြင် အဆင့်တူ ထိပ်တန်းအသင်းများနှင့် တွေ့ဆုံခွင့်ရမည်ဖြစ်၍ ပိုမိုကောင်းမွန်သည့် ပြိုင်ဘက်များနှင့် လက်ရည်စမ်းနိုင်မည့် အခွင့်အရေးကောင်းများ ရရှိလာမည်ဖြစ်သည်။
နေမျိုး၊ ဓာတ်ပုံ-MFF


