အနောက်ဥရောပ၌ ဇွန်လနှင့် ဇူလိုင်လတွင် စံချိန်တင် အပူဆုံးဖြစ်

ဩဂုတ် ၁၂

အနောက်ဥရောပ၌ ဇွန်လနှင့် ဇူလိုင်လတွင် စံချိန်တင်အပူဆုံးဖြစ်ခဲ့ကြောင်း ဥရောပသမဂ္ဂ၏ ရာသီဥတုအေဂျင်စီက ပြောကြားခဲ့သည်။

ပြင်သစ်၊ စပိန်နှင့် ဂျာမနီအပါအဝင် နိုင်ငံများတွင် ပျမ်းမျှအပူချိန် ၂၁ ဒသမ ၆၂ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိခဲ့ကြောင်း ကိုပါးနီးကပ်စ် ရာသီဥတုပြောင်းလဲမှုဝန်ဆောင်မှုက ကြေညာခဲ့သည်။

၁၉၉၁ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ပျမ်းမျှအပူချိန်ထက် ၂ ဒသမ ၇၉ ဒီဂရီပိုမိုခဲ့ရာ နွေရာသီအစပိုင်းကတည်းက အပူဒဏ် အထူးပြင်းထန်စွာ ဆက်တိုက်ဖြစ်နေခဲ့သည်ဟု အေဂျင်စီက ပြောကြားခဲ့သည်။

ထိုဒေသတွင် မိုးရွာသွန်းမှု အလွန်နည်းပါးနေခဲ့သည်။ Seine၊ Rhine နှင့် Danube ကဲ့သို့သော မြစ်များတွင် ရေမျက်နှာပြင် အလွန်နိမ့်ကျနေခြင်းကြောင့် ရေပေးဝေမှုနှင့် စွမ်းအင်ထုတ်လုပ်မှုကို ထိခိုက်စေကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။

ဥရောပ အလယ်အလတ်အဆင့် ရာသီဥတုခန့်မှန်းချက်စင်တာမှ တာဝန်ရှိသူတစ်ဦးက မြင့်မားသောဖိအားစနစ်များသည် ဒေသတွင်းအပူကို ပိတ်လှောင်ထားသည်ဟု မှတ်ချက်ပြုခဲ့သည်။

မြေဆီလွှာများ ခြောက်သွေ့လာသောအခါ သဘာဝအတိုင်း အေးမြစေနိုင်သော စွမ်းရည် လျော့နည်းသွားသဖြင့် ပိုမိုလွယ်ကူစွာ အပူစုပုံလာနိုင်သည့်အပြင် ယင်းဖြစ်ရပ်သည် ရာသီဥတုပြောင်းလဲမှုကြောင့် အပူချိန်ဖြစ်ပေါ်မှု ပိုမိုပြင်းထန်လာနေကြောင်း ပြသသည့် ထင်ရှားသော ဥပမာတစ်ခုဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို