နေပြည်တော် ဩဂုတ် ၁၁
ငဝန်မြစ်ကြောင်းတစ်လျှောက် မြစ်ကမ်းထိန်းလုပ်ငန်းများ၊ သောင်ထွန်းနေရာများတွင် သဲနုန်းတူးဖော်ခြင်း၊ ဖြတ်မြောင်းတူးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ လိုအပ်ပါက ပန်းတာ၊ ဖြတ်တာများ ဆောင်ရွက်နိုင်ရေး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်နေမှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့က ဟင်္သာတမြို့နယ် အလယ်စုကျေးရွာအနီး ငဝန်တာ တာမိုင် ၁၁/ ၁နှင့် ၁၁/ ၃ အတွင်း၊ လေးမျက်နှာမြို့နယ် ရေလဲကျေးရွာအနီး ငဝန်တာ တာမိုင် ၂၀/ ၄ နှင့် ၂၀/ ၅ အတွင်း၊ ညောင်ပင်ဝဲကျေးရွာအနီး တာမိုင် ၂၃/ ၀ နှင့် ၂၄/ ၀ အတွင်း၊ ကျောင်းစုကျေးရွာအနီး တာမိုင် ၂၄/ ၁ နှင့် ၂၄/ ၃ အတွင်းရှိ ငဝန်ရေကာတာ၏ကြံ့ခိုင်မှု၊ ငဝန်မြစ်ကြောင်းတစ်လျှောက် ကမ်းပြိုကမ်းစား ဖြစ်ပေါ်နေမှုနှင့် သဲသောင်ဖြစ်ပေါ်နေမှု၊ ထိန်ငူကျေးရွာအနီး (Floating Unit) သဲအိတ်ဆွဲ သစ်ကိုင်းချ ဝါးဖောင်ပြုလုပ်ခြင်းလုပ်ငန်းများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့ပြင် လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ တာမိုင် ၂၅/ ၃တွင် တာတမံနိမ့်ကျမှုဖြစ်ပေါ်ခဲ့ရာ ရေတိုက်စားမှုလျော့ကျစေရန် Geo-Bag ချခြင်း၊ Geo-Bag ဖြင့် ရေလွှဲရေကာပြုလုပ်ခြင်း၊ တာတမံရေထိမျက်နှာပြင်နှင့် ဆက်စပ်နေရာများအား Geo textile အစများ၊ Geo-Bag များဖြင့် ရေတိုက်စားမှုကာကွယ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ရေနက်ရေစီးလမ်းကြောင်းကို ဆက်လက် တားဆီးပိတ်ဆို့နိုင်ရေး Steel Sheet Pile များရိုက်ခြင်း၊ သဲစုပ်သင်္ဘောများ၊ ရေယာဉ်များဖြင့် Geo-Bag အိတ်ကြီးများနေရာချခြင်း၊ လုပ်ငန်းဆောင်ရွက်နေမှုကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


