မြန်မာ့လက်ရွေးစင်အသင်း FIFA-Asean Cup ပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်ရမည်

ရန်ကုန် ဩဂုတ် ၁၁

 

မြန်မာ့ လက်ရွေးစင်အသင်းသည် လက်ရှိကျင်းပနေသည့် ၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလား ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသော်လည်း စက်တင်ဘာလတွင် စတင်ကျင်းပမည့် ၂၀၂၆ FIFA-Asean Cup ပြိုင်ပွဲကို ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

FIFA-Asean Cup ပြိုင်ပွဲကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ပထမဆုံးကျင်းပခြင်းဖြစ်ပြီး မြန်မာ့ လက်ရွေးစင်အသင်းသည် ယခုနှစ်အတွက် ယှဉ်ပြိုင်ရသည့် ဒုတိယမြောက် နိုင်ငံတကာပြိုင်ပွဲလည်းဖြစ်သည်။

 

မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အန်ဒါဆင်သည် လာမည့်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ စတင်ပြုလုပ်နေပြီး ကစားသမားရွေးချယ်ရန် ပြည်တွင်း လူငယ်ပွဲစဉ်အချို့ကို လိုက်လံ ကြည့်ရှုလျက်ရှိသလို ကစားသမားများ၏ ကြံ့ခိုင်မှုအပိုင်းအတွက်လည်း စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်။ ပြီးခဲ့သည့် အာဆီယံဟွန်ဒိုင်းဖလား ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် အုပ်စုအဆင့်မှ ထွက်ခဲ့ရသော်လည်း ဖိလစ်ပိုင်နှင့် လာအိုအသင်းကို ဂိုးပြတ် အနိုင်ရခဲ့သည့်အပြင် ပရိသတ်လက်ခံနိုင်သည့် ခြေစွမ်းနှင့် စွမ်းဆောင်ရည် ပြသနိုင်ခဲ့သဖြင့် လာမည့် FIFA-Asean Cup ပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန် အချိန်ယူ ပြင်ဆင်နေခြင်းဖြစ်သည်။

 

၂၀၂၆ FIFA-Asean Cup ပြိုင်ပွဲကို အဆင့်နှစ်ဆင့်ခွဲ ကျင်းပမည်ဖြစ်ပြီး Premier Division တွင် အသင်း ရှစ်သင်း၊ Challenge Division တွင် အသင်းခြောက်သင်း ပါဝင်မည် ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ Premier Division အုပ်စု (A) တွင် အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှား၊ စင်ကာပူ၊ အုပ်စု (B)တွင် ဗီယက်နမ်၊ ပါကစ္စတန်၊ ထိုင်း၊ ဖိလစ်ပိုင်၊ Challenge Division အုပ်စု (A)တွင် ဟောင်ကောင်၊ မြန်မာ၊ ဘရူနိုင်း၊ အုပ်စု(B)တွင် ကမ္ဘောဒီးယား၊ လာအို နှင့် တီမောအသင်းတို့ပါဝင်သည်။ ပြိုင်ပွဲကို စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး  Premier Division ပွဲစဉ်များကို အင်ဒိုနီးရှားနိုင်ငံ၊ Challenge Division ပွဲစဉ်များကို ဟောင်ကောင်၌ ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲစည်းမျဉ်းအရ ဝင်ရောက်ယှဉ်ပြိုင်သည့် အသင်းအားလုံးကို ခရီးစရိတ်နှင့် အထွေထွေ အသုံးစရိတ်  ဒေါ်လာ ၁၂၅၀၀၀ ထောက်ပံ့မည်ဖြစ်ပြီး  Challenge Division ချန်ပီယံအသင်းကဆုကြေး ဒေါ်လာ သုံးသိန်း၊ Premier Division ချန်ပီယံအသင်းက ဆုကြေး ဒေါ်လာတစ်သန်း ရရှိမည်ဖြစ်သည်။ 

 

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - စိုးညွန့်သော်