ပြည်သူ့ကျန်းမာရေးကဏ္ဍမြင့်မား ကြံ့ခိုင်ဖွံ့ဖြိုးသည့်ဘဝများပိုင်ဆိုင် (ကြေးမုံ)

ကျန်းမာရေးကဏ္ဍတွင် နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်မှုရှိစေရေးနှင့် လူတိုင်းသက်တမ်းစေ့ နေနိုင်ရေးအတွက် အစိုးရတစ်ရပ်အနေဖြင့် စီမံဆောင်ရွက်ပေးရေး၊ “ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်၊ လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ” စသည့်ကျန်းမာရေးမူဝါဒများကို နိုင်ငံတော်သမ္မတက လမ်းညွှန်ချမှတ်ပေးထားပြီး ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမြင့်မားရေးကို အလေးထား ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် နိုင်ငံတော်အနာဂတ်အတွက် ကျန်းမာကြံ့ခိုင် သန်စွမ်းသည့် လူသားအရင်းအမြစ်များ ပေါ်ထွက်လာစေရန်အတွက် မိခင်များနှင့်ကလေးသူငယ်များ ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။

 

ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးသည့်ဘဝများကို ပိုင်ဆိုင်နိုင်ရန်အတွက် ကလလရည်ကြည် သန္ဓေတည် သည်မှစ၍ မွေးကင်းစလူမမည်အရွယ်မှသည် ကလေးသူငယ်များဖြစ်လာသည်အထိ ကာလများသည် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အရှိန်အဟုန်မြင့်မားသော အရေးအကြီးဆုံးအရွယ်များဖြစ်သည်။ ကလေးငယ်များ ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးသည့် ခန္ဓာကိုယ်များရရှိစေရေးအတွက် အာဟာရပြည့်ဝသည့်အစားအစာများ ကျွေးမွေးရန်လိုအပ်သည်။ အာဟာရမပြည့်ဝဘဲ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအားနည်းသောအခါ အားကစား လှုပ်ရှားမှုဘက်တွင်ကဲ့သို့ ကိုယ်ခံစွမ်းအားနှင့် သက်လုံမပြည့်ဝဘဲ စွမ်းဆောင်ရည် လျော့နည်းနေမည်ဖြစ်သည်။ ထို့ကြောင့် အသက်အရွယ်အလိုက် အချိန်အခါအလိုက် ကျန်းမာရေး စစ်ဆေးခြင်း၊ အာဟာရပြည့်ဝစွာစားသုံးနိုင်ရေးတို့ကို ထိထိရောက်ရောက် ဆောင်ရွက်ပေးရမည် ဖြစ်သည်။

 

နိုင်ငံတစ်ဝန်းတွင် နေထိုင်ကြသည့် ပြည်သူများအားလုံး ကျန်းမာရေးလွှမ်းခြုံစောင့်ရှောက် ပေးနိုင်ရန်အတွက် နိုင်ငံတစ်ဝန်းရှိ ဆေးပေးခန်း၊ ဆေးခန်း၊ ဆေးရုံများ၌ ကျန်းမာရေးဝန်ထမ်းများ အလုံအလောက် ခန့်ထားပေးရေးအတွက် နိုင်ငံတော်က စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိသည်။ ကျောင်းကျန်းမာရေးနှင့်ပတ်သက်၍လည်း ကျောင်းနေအရွယ်ကလေးငယ်များ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိများရရှိအောင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ကျေးလက်ကျန်းမာရေးဌာနများရှိ ကျန်းမာရေးဝန်ထမ်းများက အသက်အရွယ်အလိုက် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျောင်းပတ်ဝန်းကျင်တစ်ဝိုက် ကျန်းမာရေးနှင့်ညီညွတ်မျှတသည့် ပတ်ဝန်းကျင်ဖြစ်စေရေး၊ အာဟာရပြည့်ဝစွာစားသုံးရေး၊ အစားအသောက်နှင့် သောက်သုံးရေများ သန့်ရှင်းမှုရှိစေရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိသည်။

 

ယခုအခါ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ၏ ပထမရက်သတ္တပတ်ကို “မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်၊ ဒုတိယရက်သတ္တပတ်ကို အသက်ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသား လူငယ်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ တတိယရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ စတုတ္ထရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့ ရောဂါများပပျောက်ရေး ရက်သတ္တပတ်”ဟူ၍ သတ်မှတ်ပြီး နှစ်စဉ်နှစ်တိုင်း ဩဂုတ်လ တစ်လလုံးကို အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအဖြစ် သတ်မှတ်ကာ ခရိုင်၊ မြို့နယ်နှင့် ကျေးရွာများအထိ အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှုများကို လွှမ်းခြုံဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် မူကြိုကလေးငယ်များအား အင်အားပြည့်ဗီတာမင်အေ ဆေးများတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား သံဓာတ်ပါသော အဏုအာဟာရဆေးများ၊ ဗီတာမင်ဘီဝမ်းအားဆေးနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

 

မြန်မာနိုင်ငံတွင် အနာဂတ်မျိုးဆက်သစ်များ ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ နှစ်စဉ် ဩဂုတ်လ တစ်လလုံးကို အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုအဖြစ် ပြည်သူလူထုက အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများအား ပိုမိုစိတ်ဝင်စားလာပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရန်၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရပြည့်ဝစွာ စားသုံးတတ်စေရန်၊ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ထက်မြက်သော နိုင်ငံ့သားကောင်းများ ပြုစုပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် နိုင်ငံတစ်ဝန်းလုံးတွင် လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။

 

“ကျန်းမာမှသာ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှသာ အလုပ်လုပ်နိုင်မည်” ဆိုသည့်အတိုင်း ငယ်ရွယ်စဉ်ကလေးဘဝမှစ၍ အရွယ်ရောက်လာသည်အထိ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံများ ကျင့်သုံးတတ်စေရန် လေ့ကျင့်ပျိုးထောင်ပေးကြရမည်ဖြစ်သည်။ ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်များကို ကလေးသူငယ်များမှတစ်ဆင့် မိသားစုနှင့် ပြည်သူလူထုအတွင်း ပျံ့နှံ့ကျင့်သုံးလာစေပြီး ကျန်းမာရေးနှင့်ညီညွတ်သော လူမှုအသိုက်အဝန်းဖြစ်ပေါ်လာအောင် ဖော်ဆောင်သွားကြရမည်ဖြစ်သည်။ ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များကို ကျန်းမာရေးနှင့် ပညာရေးကဏ္ဍအပြင် မိဘပြည်သူများအားလုံးပါဝင်ပြီး ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာရေးအသိမြင့်မားလာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများကို ဩဂုတ်လ ဒုတိယပတ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပုံမှန်ဆောင်ရွက်နေကြပြီး အလားတူ ယခုအပတ်တွင် ငါးနှစ်အောက်ကလေးငယ်များနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်ကိုလည်း တစ်ချိန်တည်း တစ်ပြိုင်တည်း ဆောင်ရွက်ကြခြင်းဖြင့် ကျန်းမာဖွံ့ဖြိုးသည့် ဘဝများကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပါကြောင်း။ ။