ကိုလံဘီယာနိုင်ငံအနောက်ပိုင်း ပြင်းအား ၇ ဒသမ ၄ ပမာဏရှိသော ငလျင်ကြောင့် သေဆုံးသူဦးရေ ၁၃၀ ကျော်ရှိလာ

ဩဂုတ် ၁၁

ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းတွင် ပြင်းအား ၇ ဒသမ ၄ ပမာဏရှိသော ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁၃၀ ကျော်ရှိလာကြောင်း အတည်ပြုဖော်ပြထားသည်။

အဆိုပါငလျင်သည် ကိုလံဘီယာအနောက်ပိုင်းတွင် ဩဂုတ် ၁၀ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

မြို့အတော်များများတွင် အဆောက်အအုံများ ပြိုကျခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းနှင့် သေဆုံးသူ ၁၃၂ ဦးနှင့် ဒဏ်ရာရရှိသူ အနည်းဆုံး ၅၇၀ ဦး ရှိကြောင်း ဒေသန္တရအစိုးရများမှစုစည်းထားသော ကိန်းဂဏန်းများကို ကိုးကား၍ ဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

သေဆုံးသူများတွင် ငလျင်ဗဟိုချက်အနီးရှိ ပီရဲရာ မြို့တွင် သေဆုံးသူဦးရေ ၆၀နှင့် ငလျင်ဗဟိုချက်မှ ၁၆၀ ကီလိုမီတာခန့်အကွာရှိ အနောက်တောင်ပိုင်း ကာလီမြို့တွင် သေဆုံးသူ ၁၅ ဦးတို့ ပါဝင်သည်။

ကိုလံဘီယာသမ္မတ အဘယ်လာဒို ဒီ လာ အက်စ်ပရီရယ်လာက အရေးပေါ်အခြေအနေအဖြစ် ကြေညာပြီး ဖြစ်ပွားနေသောဘေးအန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းရန် အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။

သမ္မတသည် ရာထူးတာဝန်ကို ထမ်းဆောင်ခဲ့သည်မှာ ရက်အနည်းငယ်သာ ရှိသေးသည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို