ဩဂုတ် ၁၁
ဘရူနိုင်းနိုင်ငံသည် ၂၀၂၇ ခုနှစ် Visit Brunei Year အတွင်း ခရီးသွားလုပ်ငန်းမှ ဘရူနိုင်းဒေါ်လာ သန်း ၆၃၀ ခန့် (အမေရိကန်ဒေါ်လာ ၄၉၃ ဒသမ ၁၁ သန်းခန့်) ဝင်ငွေရရှိရန်နှင့် ခရီးသွားဧည့်သည် တစ်သန်းခန့် လာရောက်စေရန် ရည်မှန်းထားကြောင်း အစိုးရအဖွဲ့ဝန်ကြီးတစ်ဦးက ယမန်နေ့ကပြောကြားသည်။
ဘရူနိုင်း၏ စီးပွားရေးမူဝါဒများ ညှိနှိုင်းရေးဝန်ကြီးနှင့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီး Haji Abdul Manaf Metussin က ၂၀၂၆ ခုနှစ်၏ ပထမခြောက်လအတွင်း လေကြောင်း၊ ရေကြောင်းနှင့် ကုန်းလမ်းမှတစ်ဆင့် ခရီးသွား ၄၀၀၀၀၀ ခန့် ဝင်ရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ယင်းကိန်းဂဏန်းဖော်ပြချက်အရ ၂၀၂၅ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၇ ဒသမ ၈ ရာခိုင်နှုန်း တိုးလာသည်ဟု သိရသည်။ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန သည် ဘရူနိုင်းစီးပွားရေး မူဘောင်နှင့် ဘရူနိုင်း ခရီးသွားလုပ်ငန်း လမ်းပြမြေပုံ ၂၀၂၄-၂၀၃၅ တို့နှင့်အညီ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်အာရုံစိုက် ဆောင်ရွက်လျက်ရှိကြောင်း Haji Abdul Manaf ကပြောကြားသည်။
ဘရူနိုင်းနိုင်ငံ၏ခရီးသွားလုပ်ငန်းမဟာဗျူဟာသည် ခရီးသွားအရေအတွက် တိုးမြှင့်ရေး တစ်ခုတည်းကိုသာ ရည်ရွယ်ခြင်းမဟုတ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
ပိုမိုမဟာဗျူဟာမြောက်သည့် ရည်မှန်းချက်မှာ တန်ဖိုးမြင့်မားပြီး အကျိုးအမြတ်ကောင်းမွန်သော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်ကြောင်းနှင့် ထိုသို့ဖြစ်လာပါက ခရီးသွားဧည့်သည်များသည် နိုင်ငံအတွင်း ပိုမိုကြာရှည်စွာ နေထိုင်ကြမည်၊ ပိုမိုသုံးစွဲကြမည်၊ ပြည်တွင်းထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပိုမိုအသုံးပြုကြမည်ဖြစ်ပြီး စီးပွားရေးတန်ဖိုးများကို နိုင်ငံအတွင်းမှာပင် ထိန်းသိမ်းထားနိုင်ကာ ပြည်တွင်းစီးပွားရေးအတွင်း လည်ပတ်စီးဆင်းစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


