ရန်ကုန် ဩဂုတ် ၁၀
လက်ရှိ ပြောင်းလဲတိုးတက်လာသော Logistics ကဏ္ဍစုံကို ပိုမို ကျယ်ပြန့်စွာ ကိုယ်စားပြုနိုင်ရန် MIFFA မှ “Myanmar Logistics Association (MLA)” အဖြစ် ပြောင်းလဲဖွဲ့စည်းခြင်း အခမ်းအနားကို ဩဂုတ် ၉ ရက်တွင် ရန်ကုန်မြို့ရှိ UMFCCI ၌ ကျင်းပသည်။
ထိုသို့ အသင်းနာမည်ပြောင်းလဲခြင်းသည် ပထမဦးဆုံးအကြိမ်အဖြစ် ပြောင်းလဲခြင်းဖြစ်ပြီး အဆိုပါအသင်းတွင် မြန်မာကုမ္ပဏီ ၈၀၀ ကျော်နှင့် မြန်မာကုမ္ပဏီများဖြင့် တွဲဖက်လုပ်ကိုင်နေသည့် နိုင်ငံခြားကုမ္ပဏီ ၃၀၀ ကျော် ရှိကြောင်း သိရသည်။
“ကျွန်တော်တို့အသင်းရဲ့ အဓိက ရည်မှန်းချက်က ထောက်ပံ့ပို့ဆောင်ရေး ကုန်ကျစရိတ်တွေ လျှော့ချနိုင်ဖို့၊ ကုန်သွယ်မှု လွယ်ကူ ချောမွေ့စေဖို့နဲ့ ကုန်သွယ်မှု ပမာဏ တိုးမြှင့်ခြင်းအားဖြင့် နိုင်ငံတော်ရဲ့ စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုနိုင်ရေးပဲ ဖြစ်ပါတယ်။ လက်ရှိပြောင်းလဲ တိုးတက်လာတဲ့ Logistics ကဏ္ဍစုံကို ပိုမိုကျယ်ပြန့်စွာ ကိုယ်စားပြုနိုင်ရန်အတွက် အသင်းရဲ့အမည် ကို “MIFFA”မှ Myanmar Logistics Association (MLA)” အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ အသင်းသားတွေထံမှ သဘောတူညီချက် ရယူလိုခြင်းဖြစ်ပါတယ်”ဟု MLA ဥက္ကဋ္ဌ ဦးကျော် လွင်ဦးက ပြောသည်။
အဆိုပါ အမည်ပြောင်းလဲ ဖွဲ့စည်းခြင်းသည် အမည်တစ်ခု ပြောင်းလဲခြင်းမျှသာ မဟုတ်ဘဲ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အမြင်များနှင့် လိုက်လျောညီထွေ ရှိပြီး ပိုမိုထိရောက်သော၊ ယှဉ်ပြိုင် နိုင်စွမ်းရှိသော၊ ရေရှည်တည်တံ့သော Logistics System တစ်ရပ် တည်ဆောက်ရေးအတွက် အရေးကြီးသည့် ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင် များအသင်း (MIFFA)သည် ပြည်တွင်းတွင် MTLF နှင့် UMFCCI တို့၏ အဖွဲ့ဝင်အဖြစ် ပါဝင် ဆောင်ရွက်လျက်ရှိကာ နိုင်ငံတကာ အဆင့်တွင်လည်း FIATA နှင့် AFFA တို့၏ National Level Member အဖြစ်သာမက IRU အပါအဝင် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများနှင့် ခိုင်မာစွာ ချိတ်ဆက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
MT


