ကမ္ဘောဒီးယားနိုင်ငံ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား ကျောင်းသူ ၁၅၁၀၀၀ ကျော် ဖြေဆို

ဖနောင်ပင်   ဩဂုတ်  ၁၀

ကမ္ဘောဒီးယားနိုင်ငံ၌ တက္ကသိုလ်ဝင်တန်းအမျိုးသားအဆင့်စာမေးပွဲကို ဩဂုတ် ၁၀ ရက်တွင် စတင်ဖြေဆိုကြရာ ကျောင်းသူ ၈၄၇၃၅ ဦးအပါအဝင် စာမေးပွဲဖြေဆိုသူ စုစုပေါင်း ၁၅၁၂၃၈ ဦး ရှိကြောင်း သိရသည်။

နိုင်ငံတစ်ဝန်း ဩဂုတ် ၁၀ ရက်  နံနက်ပိုင်းတွင် စာစစ်ဌာန ၂၄၄ ခု၌ စာမေးပွဲခန်း ၆၁၀၄ ခန်း ဖွင့်လှစ်ကာ စတင်ကျင်းပခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ  ပညာရေး၊ လူငယ်နှင့် အားကစားဝန်ကြီးဌာနက ပြောကြားသည်။ စာမေးပွဲဖြေဆိုသူအားလုံးအနေဖြင့် စာမေးပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို တိတိကျကျလိုက်နာကြရန် ဒုတိယဝန်ကြီးချုပ်နှင့် ပညာရေး၊  လူငယ်နှင့် အားကစားဝန်ကြီး ဟန်ချွန်နာရွန်က တိုက်တွန်းထားသည်။

စာမေးပွဲဖြေဆိုသူများအနေဖြင့် စာစစ်ဌာနများနှင့် စာဖြေခန်းများအတွင်းသို့ မည်သည့်စာရွက်စာတမ်းများ သို့မဟုတ် လျှပ်စစ်ပစ္စည်းများ ယူဆောင်ခြင်းကိုမဆို တင်းကျပ်စွာတားမြစ်ထား ကြောင်း ဖနောင်ပင်မြို့ရှိ Preah Sisowath အထက်တန်းကျောင်း စာစစ်ဌာနသို့ သွားရောက်စဉ် ၎င်းက ပြောကြားသည်။

စာမေးပွဲရလဒ်များကို စက်တင်ဘာ ၂ ရက်တွင် ထုတ်ပြန်သွားမည်ဖြစ်သည်။ ယမန်နှစ် စာမေးပွဲတွင် ဖြေဆိုသူ ၁၄၄၈၄၈  ဦးအနက်  ၁၂၂၄၇၃ ဦးအောင်မြင်ခဲ့ရာ   စာမေးပွဲအောင်မြင်မှုနှုန်း  ၈၄ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။                                   

ဆင်ဟွာ