မော်စကို ဩဂုတ် ၁၀
ရုရှားနိုင်ငံ South Ural State တက္ကသိုလ်မှ ရုရှားသုတေသီများက ဓာတ်ပြုနိုင်စွမ်းမြင့်မားသည့် အောက်ဆီဂျင်မျိုးစိတ်များ (Reactive Oxygen Species-ROS) သည် ကောက်ပဲသီးနှံပင်များတွင် အရေးပေါ်ဇီဝအချက်ပေးစနစ်ကဲ့သို့ လုပ်ဆောင်ပြီး ကောက်ပဲသီးနှံပင်များကို အလွန်ပူပြင်းသည့် အပူချိန်နှင့် မိုးခေါင်ခြောက်သွေ့မှုများကဲ့သို့ သဘာဝပတ်ဝန်းကျင်အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် ရင်ဆိုင်နိုင်စေရန် ကူညီပေးကြောင်း လေ့လာတွေ့ရှိခဲ့ကြသည်။
ROS ၏ လုပ်ဆောင်မှုကို ထိန်းချုပ်ပေးခြင်းဖြင့် အပင်ဆဲလ်များတွင် ကာကွယ်ရေးတုံ့ပြန်မှုများ ဖြစ်ပေါ်စေပြီး ယခင်က ကြုံတွေ့ခဲ့ရသည့် ပတ်ဝန်းကျင် အခြေအနေများကို မှတ်သားထားနိုင်သည့် မှတ်ဉာဏ်တစ်ရပ်ကို ဖန်တီးပေးနိုင်သည်။ ယင်းကဲ့သို့ ပတ်ဝန်းကျင်အခြေအနေများကို လိုက်လျောညီထွေတုံ့ပြန်နိုင်သည့် မှတ်ဉာဏ်သည် နောင်မျိုးဆက်များထံ လက်ဆင့်ကမ်းအမွေပေးနိုင်သည့် အတွက် မျိုးပွားရွေးချယ်မှုကိုအသုံးပြု၍ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေများကို ရေရှည်ခံနိုင်ရည်ရှိသည့် သီးနှံမျိုးစိတ်များ ဖော်ထုတ်နိုင်မည့် အလားအလာရှိသည်။
ယခုတွေ့ရှိချက်သည် မျိုးစပ်မွေးမြူရေးပညာရှင်များအတွက် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိသည့် ဂျုံ၊ ဆန်စပါး၊ မုယောစပါးနှင့် ဆော်ဂမ်သီးနှံမျိုးစိတ်များ ဖော်ထုတ်နိုင်ရန် အထောက်အကူဖြစ်စေပြီး အဓိက စားနပ်ရိက္ခာသီးနှံများ ရာသီဥတုပြောင်းလဲမှု၏ ဖိအားများကို ပိုမိုရင်ဆိုင်နေရ ချိန်တွင် ယခုလေ့လာတွေ့ရှိချက်သည် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးကို ပိုမိုခိုင်မာစေရန် နည်းလမ်းသစ်တစ်ရပ်ဖြစ်လာနိုင်ကြောင်း သိရသည်။
စပွတ်နစ်


