အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း ဖွင့်လှစ်


ရန်ကုန် ဩဂုတ် ၁၀

 

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁၁၅) ကို သင်တန်းသား ၄၈ ဦး၊ သင်တန်းသူ ၄၂၄ ဦး စုစုပေါင်း ၄၇၂ ဦးဖြင့် ယနေ့ နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ဖွင့်လှစ်သည်။

 

ဖွင့်ပွဲတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ (ကိုယ်စား) အဖွဲ့ဝင် ဦးစိုးတင့်က “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပညာရေးတိုးတက်စေရန် နိုင်ငံတော်က အလေးထားအားပေး ဆောင်ရွက်လျက်ရှိရာ ဆရာ ဆရာမများသည် ဘာသာရပ်သင်ကြားရုံသာမက လူငယ်များကို ဘက်စုံထူးချွန်ပြီး ပြည်ထောင်စုစိတ်ဓာတ်နှင့် နိုင်ငံချစ်စိတ်ရှိသူ၊ စည်းကမ်းကိုတန်ဖိုးထား လေးစားလိုက်နာပြီး ကြောင်းကျိုးဆက်စပ် စဉ်းစားတွေးခေါ်နိုင်စွမ်းရှိသူ၊ ကိုယ်ချင်းစာစိတ်ရှိသောသူများဖြစ်စေရေး ပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။ 

 

သင်တန်းကို ဩဂုတ် ၁၀ ရက်မှ စက်တင်ဘာ ၁၁ ရက်အထိ ရက်သတ္တ ငါးပတ်ကြာ ဖွင့်လှစ်မည်ဖြစ်သည်။ 

 

သင်တန်းဖွင့်ပွဲအပြီးတွင် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပရန် ပြင်ဆင်ထားရှိမှု၊ စိုက်ပျိုးထားသော ရာသီသီးနှံစိုက်ခင်း၊ မှိုစိုက်ခင်းနှင့် မွေးမြူရေးခြံများ၊ သင်တန်းပို့ချနေမှုများနှင့် သင်တန်းအိပ်ဆောင်များ၊ စားရိပ်သာတို့ကို ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လေ့ကျင့်သင်ကြားရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်