ရန်ကုန် ဩဂုတ် ၁၀
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်က ကြီးမှူး၍ Max Energy ၏ အဓိကပံ့ပိုး ကူညီမှုဖြင့်ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပထမအကျော့ နောက်ဆုံးပွဲ ဖြစ်သည့် ပွဲစဉ်(၉) နောက်ဆုံးနေ့ကို သြဂုတ် ၁၀ ရက်က ဆက်လက်ကျင်းပရာ အား/ကာသိပ္ပံအသင်း ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သည်။
သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် အား/ကာ သိပ္ပံအသင်းက Young Lionesses အသင်းကို ၁၀ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ အား/ကာသိပ္ပံ အသင်းသည် ဂိုးပြတ်အနိုင်ရလဒ်နှင့်အတူ ရာသီဝက် ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့ပြီး မိုးမိုးသန်း၊ လင်းမြင့်မိုရ်တို့၏ ဟက်ထရစ်များဖြင့် ၁၀ ဂိုးပြတ် အနိုင်ရခဲ့သည်။
အား/ကာသိပ္ပံအသင်းသည် ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သလို ဒုတိယနေရာမှ ဧရာဝတီအသင်းထက် သုံးမှတ်အသာရထားသလို ဂိုးကွာခြားချက်တွင်လည်း များစွာအသာရခဲ့သည်။ အား/ကာသိပ္ပံအသင်းအတွက် အနိုင်ဂိုးများကို ၁၆၊ ၇၂၊ ၇၄ မိနစ်တွင် မိုးမိုးသန်း၊ ၂၁ မိနစ်တွင် ဟေမာန်စိုး၊ ၂၅၊ ၃၈၊ ၄၇ မိနစ်တွင် လင်းမြင့်မိုရ်၊ ၃၂၊ ၈၈ မိနစ်တွင် ခင်မာလာထွန်း၊ ၅၄ မိနစ်တွင် အေးနန္ဒာဝင်းတို့က သွင်းယူသည်။ ယခုပွဲအတွက် AYA Pay player of the Match ဆုကို အား/ကာသိပ္ပံအသင်းခေါင်းဆောင် ခင်မာလာထွန်းက ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။ ပဒုမ္မာကွင်း၌ ကျင်းပသည့်ပွဲတွင် သစ္စာအားမာန်အသင်းက ရတနာပုံအသင်းကို သုံးဂိုးပြတ် အနိုင်ရခဲ့သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - MWL


