၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်     ဩဂုတ်     ၁၀

အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် “၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ”ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်အားကစားရုံ၌ ကျင်းပလျက်ရှိရာ ယနေ့တွင် ဖူဆယ် (အမျိုးသား) ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို ငါးဂိုး-တစ်ဂိုးဖြင့် ယှဉ်ပြိုင်အနိုင်ရခဲ့သည်။

အလားတူ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းက အားကစားရေးရာဝန်ကြီးဌာနအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့်  လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီး ဌာနအသင်းက ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို သုံးဂိုး- နှစ်ဂိုးဖြင့် လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနအသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

ထိုသို့ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား) ကွာတားဖိုင်နယ်ပွဲစဉ်များ အကြိတ်အနယ်ယှဉ်ပြိုင်နေမှုကို ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဝန်ထမ်းများ၊ အားကစားဝါသနာရှင် ပရိသတ်များ   လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ဩဂုတ် ၁၂ ရက်တွင် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ(အမျိုးသား) ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အားကစားဝါသနာရှင်များ  မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။                           

သတင်းစဉ်