မြဝတီ သြဂုတ် ၁၀
ကရင်ပြည်နယ် မြဝတီမြို့ အခြေခံပညာအထက်တန်း(ခွဲ)ရေပူကျောင်း၌ ယမန်နေ့မွန်းလွဲပိုင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဖူဆယ်မိုးရာသီဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်၊ အခြေခံပညာအထက်တန်း(ခွဲ) ရေပူ ကျောင်း၏ ကျောင်းကောင်စီဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေရတနာဝင်း၊ အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဘင်ခရာမောင်မယ်တပ်ဖွဲ့များက ကွင်းအတွင်းနေရာယူပြီး တာဝန်ရှိသူများက ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဖူဆယ်မိုးရာသီဘောလုံးပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ထို့နောက် အသင်းအလိုက် ကိုယ်စားပြုအားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်ကို ရွတ်ဆိုခဲ့ကြကာ ကျောင်းကောင်စီဥက္ကဋ္ဌ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေရတနာဝင်းက ပြိုင်ပွဲဝင်အားကစားသမားများအား အမှာစကားပြောကြားသည်။
ဆက်လက်ပြီး အခြေခံပညာအထက်တန်း(ခွဲ)ရေပူကျောင်းမှ ဘင်ခရာမောင်မယ်တပ်ဖွဲ့များ၊ Fitness dence အဖွဲ့များက သရုပ်ပြဖျော်ဖြေတင်ဆက်ခဲ့ကြကာ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်က ဘောလုံးပြိုင်ပွဲစတင်ရန် အဖွင့်ဘောလုံးအားကန်သွင်းပြီး ကျန်စစ်သားအသင်းနှင့် ဗန္ဓုလအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)


