ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန် ဩဂုတ် ၁၀

 

ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/ ၂၀၂၆) ကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃) ၌ ကျင်းပပြီး အခြားနည်းအသုံးပြုခွင့် လျှောက်ထားသည့် အမှုတွဲ ငါးမှု၊ အခြားနည်းခွင့်ပြုဧရိယာအပေါ် အသုံးချဆောင်ရွက်မှုအား စိစစ်ခြင်း သုံးမှု၊ စံပြစိုက်ပျိုးရေးအထူးဇုန်ဧရိယာအား တိုင်းဒေသကြီးအစိုးရအဖွဲ့က ထိန်းသိမ်းစီမံ ဆောင်ရွက်မည့် လုပ်ငန်းစဉ်တစ်မှုနှင့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံ ဝင်ရောက်သည့် အယူခံမှုအား စိစစ်ဆုံးဖြတ်ရန် အမှုတွဲ (၁၈) မှုတို့ကို လုပ်ထုံး၊လုပ်နည်းနှင့်အညီ ဆောင်ရွက်သည်။

 

အမှာစကားပြောကြား

 

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက အမှာစကားပြောကြား၍ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးက စီမံခန့်ခွဲမှုအဖွဲ့ထံ တင်ပြလာသည့် အမှုတွဲများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်း လယ်ယာမြေများနှင့် အခြားမြေကိစ္စရပ်များအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)