နေပြည်တော် ဩဂုတ် ၁၀
မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နယ်မြေဒေသအသီးသီး၌ ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ရှာဖွေစစ်ဆေးဖော်ထုတ်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း) လဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့များ ပါဝင်သော တပ်မတော်စစ်ကြောင်းများသည် လိုအပ်သည့် ရှာဖွေစိစစ်မှုများ ဆောင်ရွက်စဉ် ယနေ့ နံနက်ပိုင်းတွင် လဲချားမြို့နယ် ဆီးဆောကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၂၅၀၀ ခန့်သို့ အရောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၁၇ ဦးတို့အား အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် အလျား ပေ၅၀၊ အနံ ပေ၂၀၊ အမြင့် ၁၅ ပေ ယာယီ အလုပ်ရုံမိုးကာတဲတစ်လုံး၊ အလျား ပေ ၆၀၊ အနံ ပေ ၂၀၊ အမြင့် ၁၅ ပေ ယာယီလူနေမိုးကာတဲ တစ်လုံး၊ အလျား ၁၅ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁၀ ပေ ထမင်းချက်ဆောင် မိုးကာတဲ တစ်လုံး၊ အလျားပေ ၃၀၊ အနံ ပေ၂၀၊ အမြင့် ၁၅ ပေ ယာယီလူနေမိုးကာတဲ တစ်လုံး၊ Star Link ၁၀ စုံ၊ Star Link ဗန်း နှစ်ခု၊ Laptop ၂၅ လုံး၊ Power Station ခြောက်လုံး၊ Wifi U6 Pro ခြောက်ခု၊ Freezer (အလတ်) တစ်လုံး၊ ပလတ်စတစ်စားပွဲ၊ ကုလားထိုင်များ၊ မီးစက် နှစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများသည် အဆိုပါနေရာတစ်ဝိုက်အား ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဆီးဆောရွာ၏ အရှေ့တောင်ဘက် မီတာ ၂၀၀၀ခန့်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၁၁ ဦးတို့အား လည်းကောင်း၊ ဆီးဆောရွာ၏ တောင်ဘက် မီတာ ၁၇၀၀ ခန့်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၆ ဦးအားလည်းကောင်း အသီးသီး ထပ်မံဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပြုလုပ်ခဲ့သည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၃၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


