ကမ္ဘာ့ဈေးကွက်တွင် အသုံးများလာသည့် ဝါးအခြေပြုထုတ်ကုန်များ

ဒေါက်တာမောင်အောင်

မြန်မာနိုင်ငံအနေဖြင့် လယ်ယာကဏ္ဍကို အခြေပြု၍ တိုးတက်ဖွံ့ဖြိုးမှုနည်းလမ်းများကို အထူးဦးစားပေးဖော်ဆောင်နေသည့်ကာလဖြစ်ခြင်းကြောင့် စိုက်ပျိုးရေးကဏ္ဍကိုသာမက သဘာဝအရင်းအမြစ်ဖြစ်သည့် ဝါး၊ ကြိမ် စသည့် သစ်တောထွက်ထုတ်ကုန်များအနက် ကမ္ဘာ့ဝယ်လိုအားကောင်းပြီး အမြင့်ဈေးရှိသည့်အပြင် ဝါး၏ဘက်စုံအသုံးပြုနိုင်မှု၊ အမြန်ဆုံးပြန်လည်ဖြည့်စွမ်းနိုင်မှု၊ အစိမ်းရောင်တိုးတက်မှုနှင့် ဂေဟစနစ် မိတ်ဖက်ဆိုင်ရာ အကျိုးကျေးဇူးများကြောင့်လည်း အလေးထားလုပ်ဆောင်သင့်သည့် လယ်ယာကုန်စည်တစ်ခုဖြစ်သည်။

ထို့ပြင် ဝါးအသုံးပြုမှုမှာ အစဉ်အလာအသုံးပြုမှုပုံစံမှ ခေတ်သစ်အင်ဂျင်နီယာ နည်းစနစ်သစ်များ ကြောင့် အနာဂတ်အတွက် အလားအလာများစွာရှိသည့် လယ်ယာကုန်စည်ဖြစ်လာပါသည်။ မြန်မာ နိုင်ငံအနေဖြင့် များပြားစွာတည်ရှိနေသော သဘာဝအရင်းအမြစ်များကို ပိုမိုဖော်ထုတ်အသုံးချခြင်းအားဖြင့် တန်ဖိုးရှိသည့် စီးပွားရေးကုန်စည်များ ပိုမို ထွက်ပေါ်လာမည်ဖြစ်သောကြောင့် လွန်စွာအကျိုးများမည်ဖြစ်ပါသည်။

ထို့အတွက် ဝါးအခြေပြုထုတ်ကုန်များနှင့် ပတ်သက်၍ ကမ္ဘာ့အခြေအနေများကို သုံးသပ်ဖော်ပြပြီး များပြားစွာရှိနေသည့် မြန်မာ့ဝါးကုန်ကြမ်းများမှ တန်ဖိုးမြင့်ထုတ်ကုန်များကို ပိုမိုထုတ်လုပ်လာနိုင် ရေးနှင့် ကမ္ဘာ့ဈေးကွက် ပိုမိုထိုးဖောက်နိုင်ရေးကို ဇောင်းပေးဖော်ပြမည်ဖြစ်ပါသည်။

ကမ္ဘာ့ဝါးပင်များ နိုင်ငံအလိုက် ပိုင်ဆိုင်မှုနှင့်ထုတ်လုပ်မှု

ကမ္ဘာပေါ်တွင် ဝါးတောများ၏ဧရိယာမှာ ဟက်တာ ၃၂ မှ ၃၅ သန်း ဧကအားဖြင့် ၇၉ မှ ၈၆ သန်းရှိကြောင်း ခန့်မှန်းထားပါသည်။ ဝါးပင်များကို နိုင်ငံတိုင်းနီးပါးတွင် တွေ့ရသော်လည်း သဘာဝရေမြေအခြေအနေနှင့် ရာသီဥတုအရ အာရှ-ပစိဖိတ်ဒေသကြီးသည် ဝါးပင်အများဆုံး ပေါက်ရောက်သည့်ဒေသဖြစ်ပါသည်။ အကြမ်းဖျင်းအားဖြင့် ကမ္ဘာ့ဝါးတောများ၏ ၆၀ ရာခိုင်နှုန်း ကျော်ရှိသည့်အပြင် နိုင်ငံအလိုက် ပိုင်ဆိုင်မှုတွင်လည်း အိန္ဒိယနိုင်ငံက ကမ္ဘာပေါ်တွင် ဝါးတော ဧရိယာဟက်တာ ၁၃ ဒသမ ၉ သန်းဖြင့် အများဆုံးဖြစ်ပြီး တရုတ်နိုင်ငံက ဟက်တာ ၆ ဒသမ ၅ မှ ၇ ဒသမ ၀ သန်းဖြင့် ဒုတိယအများဆုံးဖြစ်ပါသည်။

တတိယအများဆုံးမှာ မြန်မာနိုင်ငံဖြစ်ကာ ဧရိယာအားဖြင့် ဟက်တာ ၂ ဒသမ ၀ မှ ၃ ဒသမ ၀ သန်းခန့်ရှိနိုင်ကြောင်း FAO က ခန့်မှန်းဖော်ပြပါသည်။ စတုတ္ထအများဆုံးမှာ အင်ဒိုနီးရှားနိုင်ငံဖြစ်ပြီး ပဉ္စမအများဆုံးမှာ ဘရာဇီးနိုင်ငံဖြစ်ပါသည်။ ကျန်ဒေသကြီးများအနက် တောင်အမေရိက၊ မြောက်အမေရိက၊ ဥရောပတို့ အစဉ်လိုက်ဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကတိုက်တို့တွင် ဝါးတောများနည်းပါးကာ ဝါးအခြေပြုထုတ်ကုန်များ သုံးစွဲမှုနည်းပါးပါသည်။

ဝါးသယံဇာတ အရင်းအမြစ်ပိုင်ဆိုင်မှုတွင် အိန္ဒိယနိုင်ငံက အများဆုံးဖြစ်သော်လည်း ဝါးအခြေပြု ထုတ်ကုန်များ ထုတ်လုပ်နိုင်မှုနှင့် အသုံးပြုမှုတွင်မူ တရုတ်နိုင်ငံက ကမ္ဘာပေါ်တွင် အများဆုံးဖြစ်သည်။ ဆိုလိုသည်မှာ အာရှ-ပစိဖိတ်ဒေသသည် ကမ္ဘာပေါ် တွင် ဝါးအရင်းအမြစ် အများဆုံးဖြစ်ပြီး အိန္ဒိယ၊ တရုတ်၊ မြန်မာ စသည်တို့ဖြစ်သော်လည်း ဝါး အခြေပြုထုတ်လုပ်မှုတွင်မူ တရုတ်နိုင်ငံက သိသိသာသာ လွှမ်းမိုးထားပါသည်။ ၂၀၂၅ ခုနှစ်တွင် အာရှ-ပစိဖိတ်ဒေသကြီး၏ ဝါးထုတ်ကုန်တန်ဖိုး စုစုပေါင်း၏ ထက်ဝက်ကျော် ၅၂ ရာခိုင်နှုန်း တန်ဖိုးအားဖြင့် ဒေါ်လာ ၂၇ ဒသမ ၆၄ ဘီလီယံခန့် ရရှိနေပြီး အိန္ဒိယနိုင်ငံကမူ တန်ဖိုးအားဖြင့် ဒေါ်လာ ၁၁ ဒသမ ၆၉ ဘီလီယံခန့်သာရှိပါသည်။

ဝါးပင်အခြေပြုထုတ်ကုန်များ

ဝါးပင်များသည် သစ်ပင်များနည်းတူ ဂေဟစနစ် မိတ်ဖက်ဖြစ်၍ အကျိုးပြုမှုများစွာ ပေးစွမ်းနိုင်ပြီး မြေပြိုမှုများ၊ သဘာဝမြေဆီလွှာထိန်းပေးခြင်း၊ ရေစီးဆင်းမှု လွယ်ကူစေခြင်း၊ ကာဗွန်ဓာတ်စုပ်ယူ ပေးခြင်း စသည့်အကျိုးများရရှိစေပါသည်။ ထို့အတူ ဝါးပင်စဖြစ်ခါစမှ ဝါးပင်ဖြစ်သည်အထိ ဝါးတစ်ပင် လုံးမှာ ထုတ်ကုန်အမျိုးမျိုးကို ထုတ်လုပ်ပေးပြီး စားသုံးကုန်စည်၊ အိမ်သုံးနှင့် လူသုံးကုန်စည်၊ ဆောက်လုပ်ရေးကုန်စည်၊ စက်မှုကုန်စည် စသဖြင့် အမျိုးမျိုးသောထုတ်ကုန်များ ပေးစွမ်းနိုင်သည့် အတွက် အပင်များအနက် ထုတ်ကုန်အမည်အရာ အများဆုံးပေးပါသည်။

မျှစ်အနုများကို စားသောက်ကုန်အဖြစ် လည်းကောင်း၊ ဝါးများကို ခွဲခြမ်းစိတ်ဖြာ၍ လက်မှု နည်းပညာဖြင့် မီးဖိုချောင်သုံးနှင့် အိမ်သုံးပစ္စည်း အမျိုးမျိုး၊ ဖျာ၊ တောင်း၊ ဆန်ကော၊ ဆန်ခါအမျိုးမျိုး၊ ဆောက်လုပ်ရေးပစ္စည်းအဖြစ် လည်းကောင်း၊ ဝါးတိုင်၊ ဝါးကပ်၊ ပရိဘောဂအမျိုးမျိုး၊ ဝါးကိုကြိတ်၍ ပျော့ဖတ်နှင့် စက္ကူအမျိုးမျိုး၊ အဝတ်အထည်များ စသည်ဖြင့် ဝါးအခြေပြုစက်မှုထုတ်ကုန်အဖြစ် လည်းကောင်း အထူးအသုံးဝင်ပါသည်။

အထူးသဖြင့် ကျေးလက်နေပြည်သူလူထု အများစုမှာ ဝါးဖြင့်သာ အိမ်များကိုဆောက်လုပ် လေ့ရှိသဖြင့် အရေးပါပါသည်။ ယခုနောက်ပိုင်း နည်းပညာများတိုးတက်လာမှုကြောင့် သစ်ကို အစားထိုးနိုင်သည့်အဆင့် ရောက်ရှိလာပြီဖြစ်ပါသည်။ ထို့ပြင် သစ်ရှားပါးလာမှုနှင့် ပြန်လည် စိုက်ပျိုးရန် ဝါးထက်အချိန်ကြာမြင့်သည့်အတွက် ဝါးကိုစိုက်ပျိုးသည့် အလေ့အထ ထွန်းကားလာနေပြီ ဖြစ်ပါသည်။

ကမ္ဘာပေါ်တွင် မူလဝါးအမျိုးပေါင်း ၁၆၀၀ မှ ၁၇၀၀ ကျော်ရှိပြီး နောက်ပိုင်းတွင် ဘက်စုံအရည် အသွေးအမြင့်ဆုံး (အရည်အသွေး၊ ခိုင်ခံ့မှု၊ အထူ အပါး၊ ကြီးထွားမြန်မှု) စသည်တို့ ပေးနိုင်သည့် မျိုးသစ်များ သုတေသနများမှ ထွက်ပေါ်လာနေပြီ ဖြစ်ပါသည်။ စိတ်ဝင်စားဖို့ကောင်းသည့်အချက်မှာ အဆိုပါမျိုးသစ်များကို အေးသောနိုင်ငံများထက် ပူသောနိုင်ငံများတွင် ပိုမိုဖြစ်ထွန်းနိုင်သည်ဆိုသည့် အချက်ဖြစ်ပါသည်။ ထို့အတွက် လာမည့်ကာလများတွင် သစ်ကို ကောင်းစွာအစားထိုးနိုင်မည်ဟု မျှော်လင့်ကြပါသည်။ ထို့ပြင် သစ်ရှားပါးလာမှုကြောင့် ဝါးများကို လောင်စာတောင့်အဖြစ်လည်း ဥရောပနိုင်ငံများတွင် ပိုမိုသုံးလာပြီဖြစ်ပါသည်။ ဆိုလိုသည်မှာ ဝါးပင်မှ ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်နိုင်မှုကြောင့်လည်း သစ်တောထွက်ပစ္စည်းများအနက် အသုံးဝင်ဆုံးဟု သတ်မှတ်လာကြပါ သည်။

ကမ္ဘာ့ဝါးအခြေပြုထုတ်ကုန်များ၏ ဈေးကွက်အခြေအနေနှင့်ကုန်သွယ်မှု

၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ဝါးအခြေပြုထုတ်ကုန်များ၏ ဈေးကွက်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၇၀ ဒသမ ၁ ဘီလီယံရှိပြီး ၂၀၂၆ ခုနှစ်တွင် ဒေါ်လာ ၇၃ ဒသမ ၄ ဘီလီယံရှိပါသည်။ လာမည့် ၂၀၃၃ ခုနှစ်တွင် ဒေါ်လာ ၁၀၂ ဘီလီယံခန့်ရှိလာမည်ဟု ခန့်မှန်းထားပြီး နှစ်စဉ် တိုးတက်မှုနှုန်း (CAGR- Compound Annual Growth Rate - ၄.၈ %) ရှိမည်ဖြစ်၍ မြင့်သည့်တိုးတက်မှုနှုန်းဖြစ်ပါသည်။

၂၀၂၅ ခုနှစ်တွင် အာရှ-ပစိဖိတ်ဒေသကြီး၏ ဝါးအခြေပြုထုတ်ကုန်များ၏ ဈေးကွက်တန်ဖိုးသည် ရှယ်ယာအားဖြင့် အများဆုံး ၇၈ ဒသမ ၈ ရာခိုင်နှုန်း ခန့်ရှိပါသည်။ ဝါးအခြေပြုထုတ်ကုန်များသည် ကြာရှည်အသုံးပြုနိုင်ခြင်း၊ ဂေဟစနစ်မိတ်ဖက် ထုတ်ကုန်များဖြစ်ခြင်း၊ အပင်များအကြီးမြန်ခြင်း၊ စဉ်ဆက်မပြတ်ရရှိနိုင်ခြင်း စသည့်အချက်များကြောင့် အသုံးပြုသူများ၏ ကြိုက်နှစ်သက်မှုတိုးမြှင့် လာမှုနှင့်အတူ ဝါးအခြေပြုထုတ်ကုန်များ ဈေးကွက်တွင်လည်း အစဉ်အလာတင်ပို့နေကျ တန်ဖိုးနိမ့်ဝါး ထုတ်ကုန်များမှ စက်မှုနှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ပြောင်းလဲထုတ်လုပ်လာသည့်ပုံစံသို့ ပြောင်းလဲလာနေပြီဖြစ်ပါသည်။

အမှန်တကယ်မူ မြန်မာနိုင်ငံအနေဖြင့် သဘာဝကပေးထားသည့် ပေါများသောအရင်းအမြစ်များ ဖြစ်သော ဝါးပင်များကို စားသုံးကုန်၊ လူသုံးကုန်၊ ဆောက်လုပ်ရေးကုန်စည်၊ စက်မှုကုန်စည် စသည် ဖြင့် ပြောင်းလဲထုတ်လုပ်နိုင်စွမ်း ပိုမိုတိုးတက်လာစေရန် လုပ်ဆောင်ရတော့မည်ဖြစ်ပါသည်။ တစ်ဖက်တွင်လည်း ကမ္ဘာ့ဈေးကွက်တွင် ဝါးအခြေပြု ထုတ်ကုန်များ၏ ဝယ်လိုအားနှင့် ကြိုက်နှစ်သက်မှု တိုးလာမှုကြောင့် အနာဂတ်ကာလ တိုးတက်မှု အလားအလာကောင်းများစွာရှိသည့် ကုန်စည်များ လည်းဖြစ်ပါသည်။ ယခုအခါ ဝါးကုန်ကြမ်း စဉ်ဆက်မပြတ်ရရှိနိုင်ရန် စိန်ခေါ်မှုများရှိသော်လည်း ခေတ်သစ်အင်ဂျင်နီယာ နည်းစနစ်များကြောင့် ဝါးအခြေပြုထုတ်ကုန်များ ယခင်ကထက် ပိုမိုများလာတော့မည်ဖြစ်ပါသည်။

မိမိတို့ လုပ်ဆောင်သင့်သည်မှာ လက်ရှိဝါးအခြေပြုထုတ်လုပ်နေသည့် ကုန်စည်များ၏ အရည်အသွေး၊ ဒီဇိုင်း၊ ဈေးနှုန်းများ ယှဉ်ပြိုင်နိုင်သည့် အဆင့်ရောက်ရှိအောင် ကြိုးစားလုပ်ဆောင်ရမည် ဖြစ်ပါသည်။ ပြည်တွင်းလိုအပ်ချက်ကြီးမားပြီး အဓိကအားနည်းနေသည့် ဝါးအခြေပြု စက္ကူနှင့် ပျော့ဖတ်၊ အဝတ်အထည်၊ တန်ဖိုးမြင့်သစ်အစားထိုး ကုန်စည်များဆိုင်ရာ စက်မှုလုပ်ငန်းများ ပိုမို ထွန်းကားလာရေးကိုလည်း အစိုးရ-ပုဂ္ဂလိက ပူးပေါင်းလုပ်ဆောင်သည့်ပုံစံ (PPP) ဖြင့် အကောင် အထည်ဖော်သင့်ပါသည်။

မိမိတို့နိုင်ငံ၌ ဝါးပင်နှင့်ပတ်သက်၍ ကမ္ဘာတွင် တတိယအများဆုံး ပေါကြွယ်ဝသည်ဖြစ်သော် လည်း ဝါးနှင့်ပတ်သက်၍ ထုတ်ကုန်အများစုကို ပြည်တွင်းဈေးကွက်တွင်သာ အသုံးပြုလျက်ရှိပြီး ရိုးရာအစဉ်အလာထုတ်ကုန်များသာဖြစ်၍ တန်ဖိုး အားဖြင့် များစွာမရှိသေးပါ။

အထူးသဖြင့် ထပ်ဆင့်တန်ဖိုးမြင့်သည့် စက်မှုလုပ်ငန်းဆောင်ရွက်နိုင်မှု အားနည်းနေသေးသည့် အတွက် ဝါးအခြေခံ တန်ဖိုးမြင့်ထုတ်ကုန်များကို ပြည်ပမှတင်သွင်းနေရဆဲဖြစ်ပါသည်။ မြင်သာသည့် အချက်မှာ ဝါးအခြေခံစက်မှုကုန်စည်ဖြစ်သည့် စက္ကူနှင့် ပျော့ဖတ်သွင်းကုန် ဒေါ်လာသန်း ရာဂဏန်း တင်သွင်းနေဆဲဖြစ်ပါသည်။

၂၀၂၄ ခုနှစ် စာရင်းများအရ အဆိုပါသွင်းကုန် တန်ဖိုးဒေါ်လာ သန်း ၁၈၀ ကျော်ခန့်ရှိပြီး ယခုအထိ လည်း ပြည်တွင်းလိုအပ်ချက်ကို တင်သွင်းနေရဆဲ ဖြစ်ပါသည်။ ဆိုလိုသည်မှာ သဘာဝအရင်းအမြစ် မည်မျှပင် ကြွယ်ဝပါစေ၊ အဆိုပါအရင်းအမြစ်များအား တန်ဖိုးရှိသည့် စီးပွားရေးကုန်စည်အဖြစ်သို့ မပြောင်းလဲနိုင်လျှင် တန်ဖိုးမဲ့ကုန်စည်များသာဖြစ် နေဦးမည်ဖြစ်ပါသည်။ (ဆက်လက်ဖော်ပြပါမည်)