ဂျေရုဆလင် ဩဂုတ် ၁၀
အမေရိကန်ဦးဆောင်သည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့က အဆိုပြုသည့် အချက် ၁၅ ချက်ပါရှိသော ဂါဇာဒေသ ငြိမ်းချမ်းရေးအစီအမံကို အစ္စရေးက ပယ်ချကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဩဂုတ် ၉ ရက်တွင် ပြောကြားသည်။
ဟားမတ်စ်အဖွဲ့ လက်နက်ဖြုတ်သိမ်းမှု ဆောင်ရွက်မပြီးမချင်း အစ္စရေးတပ်ဖွဲ့များသည် ဂါဇာဒေသမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။
ဂါဇာဒေသ နယ်မြေ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည့် အစ္စရေးတပ်ဖွဲ့များအနေဖြင့် ဂါဇာဒေသ တည်ငြိမ်ရေးအတွက် အကြမ်းဖက်သမားများအား တိုက်ခိုက်မှုများထပ်မံဆောင်ရွက်မည်ဟု ၎င်းက ပြောကြားသည်။ လက်နက်ဖျက်သိမ်းရေးဆိုသည်မှာ အကြီးစားလက်နက်များအပါအဝင် လက်နက်အားလုံးကို ဆိုလိုသည်ဟု ၎င်းက ပြောကြားသည်။ အစ္စရေးသည် လက်ရှိအချိန်တွင် ငြိမ်းချမ်းရေးအစီအမံအတွက် အမေရိကန်နှင့် ဆွေးနွေးရာတွင် ဆွေးနွေးပွဲအတွင်း မိမိတို့ဘက်မှ လက်ခံနိုင်သည့် အချက်များရှိသကဲ့သို့ သဘောထားကွဲလွဲမှုများလည်းရှိကြောင်း ၎င်းကပြောကြားသည်။
ယခုဆွေးနွေးနေသည့် ငြိမ်းချမ်းရေးအစီအမံမူကြမ်းအား ငြိမ်းချမ်းရေးဘုတ်အဖွဲ့၏ ဂါဇာဒေသဆိုင်ရာ အထူးကိုယ်စားလှယ် နီကိုလေအန် လဗ်နော့က ရေးဆွဲခဲ့ပြီး အမေရိကန်သမ္မတ ထရမ့်က ဇူလိုင်လနှောင်းပိုင်းတွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ အဆိုပါအစီအမံ မူကြမ်းတွင် ဂါဇာဒေသရှိ ဟားမတ်စ်နှင့် အခြားလက်နက်ကိုင်အဖွဲ့များ လုံးဝလက်နက်ဖြုတ်သိမ်းရေး သဘောတူညီချက်ပါဝင်ကြောင်း သိရသည်။
သမ္မတထရမ့်၏ အဆိုပါထုတ်ပြန်ချက်ထုတ်ပြန်အပြီးတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ဒုတိယအဆင့်ကို လက်ခံကြောင်းနှင့် အပြန်အလှန်အားဖြင့် ဂါဇာဒေသတွင် တိုက်ခိုက်မှုများ မပြုလုပ်ရေး၊ အစ္စရေးတပ်ဖွဲ့များ ဂါဇာဒေသမှ လုံးဝဆုတ်ခွာရေးနှင့် ဒေသတွင်းပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို ဟားမတ်အဖွဲ့က တောင်းဆိုခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


