ဘားအံမြို့တွင်  သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများ ပြောင်းရွှေ့​ နေထိုင် နိုင်ရန်အတွက်ယာယီရေဘေးကယ်ဆယ်ရေးစခန်းများကြိုတင်ပြင်ဆင်ထားရှိ

ဘားအံ ဩဂုတ် ၁၀


ကရင်ပြည်နယ်၊ဘားအံမြို့တွင် သံလွင်မြစ်ရေ မြင့်လာတက်မှုကြောင့် စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာ အထက် ကျော်လွန်ပြီး ယနေ့နံနက်(၈း၃၀) တိုင်းတာချက်အရ ၈၂၀ စင်တီမီတာသို့ ရောက်ရှိနေ၍ မြေနိမ့်ပိုင်းရပ်ကွက်များသို့ ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ သံလွင်မြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းဘေးတွင်နေထိုင်သူများ
ရေလွတ်ရာသို့  ပြောင်းရွှေ့နိုင်ရေးအတွက်  ယာယီ​ရေဘေးကယ်ဆယ်ရေးစခန်းများ ​ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိပြီး ရေဘေးသင့် ပြည်သူများအား ဝေငှပေးနိုင်ရန်အတွက် ဆန်၊ ဆီနှင့် ကြက်ဥများစီစဉ်ထားရှိကြောင်းသိရသည်။

 

ဘားအံမြို့နယ်တွင် သံလွင်မြစ်ရေ ပိုမိုမြင့်တက်လာပါက မြေနိမ့်ပိုင်းနှင့် ရေဝင်ရောက်နိုင် သည့်နေရာများမှ ပြည်သူများ ရွေ့ပြောင်းနိုင်ရန်အတွက် မြို့ပေါ်ရပ်ကွက်များတွင် စခန်း (၁၆)ခု ၊ ကျေးရွာအုပ်စုများတွင် စခန်း (၁၁)ခု စုစုပေါင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၂၇ )ခု ဖွင့်လှစ်ရန် လျာထားပြီး ခရိုင်/မြို့နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ​ ကြီး​ကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

ခရိုင်(ပြန်/ဆက်)