မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး၌  နိုင်ဝင်းထွန်း ချန်ပီယံရွှေခါးပတ်ရရှိ

ရန်ကုန်     ဩဂုတ်    ၉

မြန်မာစီးပွားရေးကော်ပိုရေးရှင်းက   အဓိကပံ့ပိုးကူညီပြီး MAI ၊ မင်္ဂလာလေကြောင်းလိုင်း၊ A bank ၊ Max Cement တို့၏ ပါဝင်ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့်  Myanmar  Martial  Arts  Group (MMAG) တို့ပူးပေါင်း၍   (၁၁)ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ ကြီး(MLWC-11)ကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူ မြန်မာ့ရိုးရာ လက်ဝှေ့ခန်းမ၌ကျင်းပရာ နိုင်ဝင်းထွန်းက ချန်ပီယံရွှေခါးပတ် ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲ၏ ၅၃ ကီလိုတန်း လေးချီပွဲစဉ်တွင် ဒေါင်းမိုက်သွေး(Nine Lethwei)၏ လက်သီးထိုးချက်ကြောင့် စောရူဘီ(YMA) ပထမအချီ ၂ မိနစ် ၃၈ စက္ကန့်တွင် အနားတောင်းခဲ့ရသည်။ ထို့နောက် ဒုတိယအချီမှ စတုတ္ထအချီအထိ သူတင်ကိုယ်တင်  ဆက်လက်ယှဉ်ပြိုင်ထိုးသတ်ကြသော်လည်း  အလူးအလဲဖြင့်  ပူးတွဲသရေဖြစ်ခဲ့သည်။

၆၅ ကီလိုတန်း လေးချီပွဲစဉ်ဖြစ်သည့် ကရင်အောင်လံဆုရှင် အောင်ကိုလတ် (Ray) နှင့် စောထိန်လင်း (555 Sports)တို့ ယှဉ်ပြိုင်ရာ တစ်ဦးနှင့်တစ်ဦး အမှားမခံကြဘဲ  အချီပြည့်ထိုးသတ်ကြသော်လည်း အလူးအလဲဖြင့်ပူးတွဲသရေသာဖြစ်ခဲ့သည်။

ယင်းနောက် ငါးချီပြိုင်ပွဲများဖြစ်သည့် ၅၆ ကီလိုတန်း MLWC ရွှေတံဆိပ်ဆုရှင် ဆလိုင်းထန်ခွီးရှိန်(ကျားမနိုင်)နှင့် Sky Net ရွှေအောင်လံ  ဒုတိယဆု၊  SEA Games ကြေးတံဆိပ်ဆုရှင် ဟိန်းထွန်းအောင်(ခေးယူးဝါး)တို့ ပြိုင်ပွဲတွင် ထိပ်တိုက်အားချင်းပြိုင် သွေးချင်းဆိုင်ကြရာ ငါးချီပြည့်သော်လည်း အလဲမထိုးနိုင်သဖြင့် ပူးတွဲသရေကျခဲ့သည်။ ၆၀ ကီလိုတန်း  MLWC  ရွှေခါးပတ် ချန်ပီယံ  အဲမွီ(အဲကညော)နှင့်  Sky Net ရွှေအောင်လံဆုရှင်  သန့်ဇင်(ပိုင်သွန် တော်ဝင်ဧရာ)တို့ ပြိုင်ပွဲ၌ ပရိသတ်အကြိုက် ရေကုန်ရေခန်း အချီပြည့်ထိုးကြရာ အလူးအလဲဖြင့် ပူးတွဲသရေကျခဲ့သည်။

၆၇ ကီလိုတန်း MLWC ရွှေတံဆိပ်ရှင် နိုင်ဝင်းထွန်း(Nine Lethwei) နှင့် ကရင်အောင်လံဆုရှင် ကမ္ဘာရှား(ဇာထက်မိတ္ထီလာ)တို့ပြိုင်ပွဲတွင် လေးချီမြောက်၌ နိုင်ဝင်းထွန်း၏ လက်သီးထိုးချက်ကြောင့်  ကမ္ဘာရှားခေါင်းတွင် ဒဏ်ရာအနာတရရရှိပြီး ဆေးရှုံးဖြင့် နိုင်ဝင်းထွန်းက အနိုင်ရရှိကာ ချန်ပီယံရွှေခါးပတ်ကို ရရှိခဲ့သည်။

၇၅ ကီလိုတန်းတွင် ထွန်းမင်းအောင်(Top One)နှင့် MLWC ရွှေတံဆိပ်ဆုရှင် ရာမန်(ရိုးရာစွမ်းအား)တို့ အချီပြည့် အားချင်းပြိုင်ကြသော်လည်း အလူးအလဲဖြင့် ပူးတွဲသရေကျခဲ့သည်။                               

ကိုထက်