ရန်ကုန် ဩဂုတ် ၉
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်က ကြီးမှူး၍ Max Energy ၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆ - ၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၉) ဒုတိယနေ့ကို သြဂုတ် ၉ ရက်က ဆက်လက်ကျင်းပသည်။
သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းက ရှမ်းယူနိုက်တက်အသင်းကို သုံးဂိုးပြတ် အနိုင်ရရှိသည်။ ရှမ်းယူနိုက်တက်အသင်းသည် ဂိုးပြတ်နိုင်ပွဲနှင့်အတူ ဒုတိယနေရာရရန် သေချာခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းမှာမူ ယခုရှုံးပွဲကြောင့် တတိယနေရာမှ ဖယ်ပေးခဲ့ရပြီး ပထမ အကျော့အပြီးတွင် အဆင့် ၄ နေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။ နှစ်သင်းစလုံး လူစုံအသုံးပြုခဲ့ပြီး မိနစ် ၃၀ တွင် မေထက်လူ၊ ၃၃ မိနစ်တွင် နန်းခိုင်ဇင်မြင့်တို့က ဂိုးများသွင်းယူကာ ပထမပိုင်းအပြီးတွင် ဧရာဝတီအသင်းက နှစ်ဂိုးပြတ်ဦးဆောင်နေသည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ဂိုးရရန်ကြိုးပမ်းခဲ့ ပြီး ၄၉ မိနစ်တွင် ရှမ်းယူနိုက်တက်မှ ခိုင်သဇင် ကိုယ့်ဂိုးကိုယ်သွင်းမိသဖြင့် ဧရာဝတီအသင်း တတိယဂိုးရခဲ့ခြင်းဖြစ်သည်။
ယခုပွဲအတွက် AYA Pay player of the Match ဆုကို ဧရာဝတီကွင်းလယ်ကစားသမား နော်ထက်ထက်ဝေက ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။
ပဒုမ္မာကွင်း၌ကျင်းပသည့်ပွဲတွင် မြဝတီအသင်းက ဇွဲကပင်ယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ မြဝတီအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၁၈ မိနစ်တွင် မြနှင်းဝေက သွင်းယူခဲ့သည်။ ယခုပွဲအတွက် AYA Pay player of the Match ဆုကို မြဝတီဂိုးသမား အိတာရာက ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။
ပွဲစဉ် ၉ နောက်ဆုံးနေ့ကို သြဂုတ် ၁၀ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ Young Lionesses အသင်းနှင့် အား/ကာသိပ္ပံအသင်း၊ ပဒုမ္မာကွင်း၌ သစ္စာအားမာန်အသင်းနှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MWL


