သီပေါမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ပေါ့ချောင်း ကျောက်စီမြေထိန်းနံရံ ပြိုကျပျက်စီးသဖြင့် ရေတိုက်စားမှုဖြစ်ပေါ်သည့် ကျေးရွာများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်


နေပြည်တော် ဩဂုတ် ၉

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်တွင် ဩဂုတ် ၅ ရက်မှ ၈ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွာသစ်ကျေးရွာအုပ်စု ညောင်ပင်ကွင်းကျေးရွာရှိ နမ့်ပေါ့ချောင်း ကျောက်စီမြေထိန်းနံရံသည် ဩဂုတ် ၈ ရက် နံနက် ၁၀ နာရီခန့်တွင် ပြိုကျပျက်စီးသွားကြောင်း သိရသည်။

 

အဆိုပါမြေထိန်းနံရံ ပြိုကျပျက်စီးမှုကြောင့် ရေစီးလမ်းကြောင်းပြောင်းကာ ရေတိုက်စားမှုကြောင့် ညောင်ပင်ကွင်းကျေးရွာမှ ဦးဆုပညာ၏ နေအိမ်ခြံဝင်းရှိ ရေချိုးခန်း၊ အိမ်သာတွဲလျက် တစ်လုံး၊ ဒေါ်ခိုင်၏ နေအိမ်ခြံစည်းရိုးအုတ်တံတိုင်း အရှည်ပေ ၆၀ ခန့် ပြိုကျပျက်စီးသွားခဲ့ရသည်။

 

အဆိုပါနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ရေတိုက်စားမှုကြောင့် မြေပြိုခြင်းများမှကာကွယ်ရန် သဲအိတ်များစီ၍ အတားအဆီးများ ပြုလုပ်ခြင်း၊ လိုအပ်သော ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ပေးခြင်း၊ စက်ယန္တရားများ အသုံးပြု၍ ရေလမ်းကြောင်းလွှဲခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရေတိုက်စားမှုကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရမှုမရှိကြောင်း သိရသည်။

 

သတင်းစဉ်