ချင်းတွင်းမြစ်ရိုးတစ်လျှောက် မုံရွာမြို့ အလုံရပ်ကွက်မှ မုံရွာတောင်ရပ်ကွက်အထိ ရေကင်း ၁၂ ခု ချထားပြီး ရေကြီးရေလျှံမှုကို ကာကွယ်နိုင်ရန် သတ်မှတ်နေရာအလိုက် စောင့်ကြည့်မှုများဆောင်ရွက်

မုံရွာ ဩဂုတ် ၉

ချင်းတွင်းမြစ်ရိုး တစ်လျှောက် မုံရွာမြို့ အလုံရပ်ကွက်မှ မုံရွာတောင်ရပ်ကွက်အထိ ရေကင်း ၁၂ ခု ချထားပြီး ရေကြီးရေလျှံမှုကို ကာကွယ်နိုင်ရန် သတ်မှတ်နေရာအလိုက် စောင့်ကြည့်မှုကို ဌာနဆိုင်ရာဝန်ထမ်း၊ ရပ်ကွက်နေ ပြည်သူများနှင့် လူမှုရေးအသင်း အဖွဲ့ဝင်များ စုဖွဲ့ဆောင်ရွက်လျက် ရှိသည်။

ထိုကဲ့သို့ ရေကင်းများချထား ဆောင်ရွက်နေမှု၊ ရေထိန်းတာပေါင်များ ကြံ့ခိုင်မှု၊ ရေထိန်းတံခါးများ ကြံ့ခိုင်မှုတို့ကို ယနေ့နံနက်ပိုင်းပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ချင်းတွင်းမြစ် ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးမည့် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ယမန်နေ့ကလည်း မူးမြစ်ရေ ဝင်ရောက်သည့် ကျေးရွာပြည်သူများအား ကန့်ဘလူမြို့ ခရိုင် စုပေါင်းရုံးရှိ ရွှေဆည်မြိုင်ခန်းမ၌ သွားရောက်ထောက်ပံ့ပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပေးအပ်သည့် ထောက်ပံ့ ငွေကျပ် ၃၂၄၂၅၀၀၀ နှင့် တိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက တိုင်းဒေသကြီး အစိုးရအဖွဲ့က ပေးအပ်သည့် ငွေကျပ်သိန်း ၁၀၀ တို့ကို ပေးအပ်သည်။

ထို့ပြင် ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေထိန်းတမံများ ကြံ့ခိုင်မှု၊ ရေပိုလွှဲနှင့်အကူရေပိုလွှဲ ကြံ့ခိုင်မှုတို့ကိုလည်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)