မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မဟာဝိသုဒ္ဓါရုံတိုက်သစ်ရှိ စံကျောင်းပိဋကတိုက်အား အသစ်တစ်ဖန်ပြန်လည်မွမ်းမံပြင်ဆင်၊ ကျောင်းတိုက်အတွင်းရှိ လမ်းများအားလုံး နိုင်လွန်ကတ္တရာလမ်းခင်းလှူဒါန်း

မန္တလေး ဩဂုတ် ၉

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ရွှေကျင်ဂိုဏ်းကြီး၏ ဗဟိုဌာန မဟာဝိသုဒ္ဓါရုံ တိုက်သစ်၏ ကျက်သရေဆောင်တစ်ခုဖြစ်ပြီး ပထမမဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီး၏ အထိမ်းအမှတ်ဖြစ်သော နှစ်ပေါင်း (၁၁၀) သက်တမ်းရှိစံကျောင်း ပိဋကတိုက်ကြီးမှာ မန္တလေးငလျင်ကြီးကြောင့် ထိခိုက် ပျက်စီးခဲ့မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ရှေးမူမပျက် ပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်ရန် ရွှေကျင် နိကာယဥပဥက္ကဋ္ဌ မဟာနာယက ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ အမှူးပြုသော ဆရာတော်များထံမှ ဩဝါဒများခံယူ၍ ကုသိုလ်ရှင်များ၏ ကောင်းမှုဖြင့် ရှေးမူမပျက် ပြန်လည်ပြုပြင် မွမ်းမံပြီးစီးခဲ့သည်။

မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စံကျောင်း ပိဋကတိုက် အသစ်တစ်ဖန် ပြန်လည် မွမ်းမံပြင်ဆင်ခြင်း၊ ကျောင်းတိုက်အတွင်းရှိ လမ်းများအားလုံး နိုင်လွန်ကတ္တရာလမ်းခင်း လှူဒါန်းခြင်း ရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မဟာဝိသုဒ္ဓါရုံတိုက်သစ် အောင်မြေသာစည် အလယ်ကျောင်းကြီးတွင် ကျင်းပရာ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ အမှူးပြုသော ဆရာတော်များ ကြွရောက်ချီးမြှင့်တော်မူသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။

ဆက်လက်၍ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက ဝိဇ္ဇာ လင်္ကာရဆရာတော်ထံမှ ငါးပါး သီလ ခံယူဆောက်တည်ကြကာ ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက် ကျင်းပသည်။

အခမ်းအနား၌ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသနှင့် ဆရာတော်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အလှူရှင်များက သင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အလှူရှင်များ လှူဒါန်းသည့် ဓမ္မပူဇာအလှူငွေများကို တာဝန်ရှိသူများက လက်ခံခဲ့ကြသည်။

ယင်းနောက် ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက ပါမောက္ခ ချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသထံက အနုမောဒနာတရားနှင့် ရေစက်ချ တရားနာယူ ကြည်ညိုကာ အခမ်းအနားကို ရုပ်သိမ်းပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် နှစ်ပေါင်း (၁၁၀) သက်တမ်းရှိ စံကျောင်းပိက တိုက်အား ရှေးမူမပျက်အသစ် တစ်ဖန် ပြန်လည်ပြုပြင်မွမ်းမံ ပြီးစီးမှု၊ ဆရာတော်ကြီး၏ ပုံတူကြေးရုပ်တုတော်နှင့် သစ်သားပုံတူ၊ ထေရုပ္ပတ္တိပန်းချီကားချပ်ကြီး ၂၃ ချပ်၊ မင်းတုန်းမင်းတရားနှင့် သီပေါမင်းတရားတို့ ဆက်ကပ် လှူဒါန်းခဲ့သည့် တံဆိပ်တုံးများ၊ ဆရာတော်ကြီး၏ အသုံးအဆောင် ပစ္စည်းများ၊ ကျမ်းစာများ၊ ကျမ်း စာအုပ်များ စသည်ဖြင့်ရွှေကျင် နိကာယဗဟိုဌာန၏ မှတ်တမ်းမှတ်ရာများ၊ ရွှေကျင်ဂိုဏ်းကြီး၏ မှတ်တမ်းမှတ်ရာများကို စနစ်တကျ ထိန်းသိမ်းထားရှိမှုများနှင့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အောင်မြေသာစည် အလယ်တိုက်ကြီးအား ရှေးမူမပျက်ပြုပြင် မွမ်းမံထားရှိမှု များကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်