ရန်ကုန် ဩဂုတ် ၉
MNL ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၂) တတိယနေ့ကို ယနေ့တွင် ဗဟန်းမြက်ခင်းတုကွင်း၌ ဆက်လက်ကျင်းပရာ Falcon အသင်းက ဧရာဝတီယူနိုက်တက်အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။
Falcon အသင်းသည် ဂိုးပြတ်နိုင်ပွဲဖြင့် နိုင်ပွဲပြန်ရခဲ့ပြီး ဧရာဝတီယူနိုက်တက်အသင်းမှာမူ ရှုံးပွဲကြုံတွေ့ခဲ့သည်။ ဧရာဝတီယူနိုက်တက်အသင်းသည် ဦးဆောင်ဂိုး သွင်းယူနိုင်သော်လည်း ပထမပိုင်းမှာပင် သုံးဂိုးအထိ ပြန်ပေးခဲ့ရသည်။ ဧရာဝတီယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးကို ငါးမိနစ်တွင် ကြယ်စင်ကျော်က သွင်းယူပြီး သုံးမိနစ်အကြာတွင် falcon အသင်း ချေပဂိုးပြန်ရကာ ကောင်းခန့်က သွင်းယူသည်။ Falcon အသင်းအတွက် အနိုင်ဂိုးများကို ၁၂ မိနစ်တွင် ဒီဝေယံ၊ ၄၄ မိနစ်တွင် ဝင်းမင်းသန့်၊ ၈၄ မိနစ်တွင် ညီညီသန့်တို့က သွင်းယူသည်။
ပွဲစဉ် ၁၂ နောက်ဆုံးနေ့ကို သြဂုတ် ၁၀ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး YUSC ကွင်း၌ ဒဂုံစတားယူနိုက်တက်အသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်း၊ ဗဟန်းမြက်ခင်းတုကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် Galaxy အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - MNL


