ရွှေပုစွန်လေး(ငါးလုပ်ငန်းဦးစီးဌာန)
ပင်လယ်ရေမှော်သည် ရေတွင် သဘာဝအတိုင်းပေါက်ရောက်သည့် ရေညှိခေါ် Algae မျိုးနွယ်ဝင်ဖြစ်ပါသည်။ ရေမှော်သည် ရေချို၊ ရေငန်စပ်နှင့် ပင်လယ်ရေငန်တို့တွင် ပေါက်ရောက်လေ့ရှိသည်။ ရေမှော်ပင်များကို နှစ်ပေါင်းများစွာကပင် လူတို့၏အစားအစာတစ်မျိုးအဖြစ် အသုံးပြုခဲ့သည်။
တရုတ်လူမျိုးတို့က ၄ ရာစုကတည်းက ရေမှော်များစားသုံးခဲ့ပြီး ဂျပန်လူမျိုးတို့သည် ၆ ရာစုနှစ်တွင် စားသုံးကြောင်းနှင့် နောင်တွင် ကိုရီးယားလူမျိုးတို့ နှစ်ခြိုက်စွာစားသုံးကြောင်း သိရှိရပါသည်။ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကမ္ဘာတွင်ရေမှော်သည် လူတို့၏ အစားအစာသာမက ရေမှော်အား စက်မှုလုပ်ငန်းသုံးပစ္စည်း၊ ဓာတုဗေဒပစ္စည်းနှင့် ဆေးဝါးသုံးပစ္စည်းများ ထုတ်လုပ်သုံးစွဲနေရပြီဖြစ်ရာ ကမ္ဘာ့ရေမှော်ဝယ်လိုအားမှာ ထုတ်လုပ်မှုထက် များစွာမြင့်မားလျက်ရှိကြောင်း သိရသည်။
ကမ္ဘာပေါ်၌ ပင်လယ်ရေမှော်မွေးမြူရေး (Seaweed Culture) သည် လက်ရှိတွင် အရှိန်အဟုန်ဖြင့် တိုးတက်လာနေသော အပြာရောင်စီးပွားရေး (Blue Economy) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ပင်လယ်ရေမှော်ထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းသည် အာရှနိုင်ငံများမှ ထွက်ရှိခြင်းဖြစ်ပြီး ဦးဆောင်နိုင်ငံများမှာ တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်သည်။ ယင်းတို့အနက် အင်ဒိုနီးရှားနိုင်ငံသည် ပင်လယ်ရေမှော်မွေးမြူ ထုတ်လုပ်မှု အများဆုံးနိုင်ငံတစ်ခုဖြစ်သည်။
ထို့အတူ မြန်မာနိုင်ငံတွင်လည်း ပင်လယ်ရေမှော်မွေးမြူရေးကို ၁၉၈၅ ခုနှစ်ကတည်းက ရခိုင်ပြည်နယ် သံတွဲခရိုင် မောင်ရွှေလေးကျေးရွာ၌ စတင်စမ်းသပ်မွေးမြူခဲ့ကြသည်။ ထိုအချိန်က ပင်လယ်ရေ မှော်မှထွက်သည့် တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်သည့် ကျောက်ကျောအား ဈေးကွက်ဖော်ဆောင်မှု အားနည်းခဲ့သဖြင့် ပင်လယ်ရေမှော်မွေးမြူခြင်းမှာ စမ်းသပ်အဆင့်သာရှိခဲ့ပါသည်။
ပင်လယ်ရေမှော်သည် လူတို့အတွက် အာဟာရဓာတ်ဖြစ်သော ဗီတာမင်နှင့် သတ္တုဓာတ်ကြွယ်ဝသော အစားအစာတစ်ခုဖြစ်သည်။ ထို့အပြင် လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ကို စုပ်ယူပေး သဖြင့်ကမ္ဘာကြီးပူနွေးမှုကို လျှော့ချပေးသည်။ ရေထဲတွင် ပိုလျှံနေသော နိုက်ထရိုဂျင်နှင့် ဖော့စဖရပ်များကို စုပ်ယူပေးပြီး ရေထုကို သန့်စင်ပေးသည်။ ထို့ပြင် အခြားမျိုးစိတ်များကဲ့သို့ စိုက်ပျိုးရန် မြေနေရာ၊ မြေဩဇာသီးသန့်ဝယ်ယူရန်မလိုဘဲ သဘာဝပင်လယ်ကြီးကို အသုံးချ၍ မွေးမြူရနိုင်သည့် မျိုးစိတ်တစ်ခုဖြစ်ပါသည်။ ဒေသခံကမ်းရိုးတန်း နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိစေပါသည်။ မိသားစုဝင်အားလုံးလုပ်နိုင်သည့် စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်ပြီး စားသောက်ကုန်၊ အလှကုန်၊ ဇီဝလောင်စာထုတ်လုပ်သည့် စက်ရုံများအတွက် ကုန်ကြမ်းရရှိစေပါသည်။
အဓိကအားဖြင့် ပင်လယ်ရေမှော်မှထုတ်လုပ်သည့် ပစ္စည်းသုံးမျိုးသည် ကမ္ဘာပေါ်တွင် အသုံးအများဆုံးပစ္စည်းများဖြစ်နေပြီး ယင်းတို့မှာ-
(က) Agar agar
ယင်းကို ကော်မှုန့်အဖြစ်လည်းကောင်း၊ gel အဖြစ်လည်း ကောင်း၊ cosmetic ခေါ် အလှကုန်များတွင်လည်းကောင်း အသုံးပြုလေ့ရှိပါသည်။ အဆင့်မြင့်သိပ္ပံဓာတ်ခွဲခန်းများတွင် ဗက်တီးရီးယား (Bacteria) များ၊ ဗိုင်းရပ်စ် (Virus) များ၊ အမျိုးအစားခွဲသုတေသနပြု မွေးမြူရာတွင် မီဒီယာအဖြစ် အလွန်ကျယ်ပြန့်စွာ အသုံးပြုလေ့ ရှိကြပါသည်။ အကောင်းဆုံး Agar ထုတ်လုပ်နိုင်သည့် ပင်လယ် ရေမှော်မျိုးမှာ Gracilaria နှင့် Gelidium မျိုးတို့ဖြစ်ပါသည်။
(ခ) Algin ခေါ် Sodium alginate
Algin ကို ဓာတုဗေဒပစ္စည်းအဖြစ်သော်လည်းကောင်း၊ ဆေးဝါး ပစ္စည်းများအဖြစ်သော်လည်းကောင်း၊ စားသောက်ကုန်များတွင် လည်းကောင်း အသုံးပြုသည်။ ရေခဲမုန့် (Ice Cream) များ အေးခဲမာကျောမှုမဖြစ်စေရန် Algin ကို မရှိမဖြစ် ထည့်သွင်းသုံးစွဲရသည်။ အကောင်းဆုံး အမျိုးအစား Algin များကို ပင်လယ်ရေမှော်ဖြစ်သည့် Ascophyllum, Sargassum, Laminaria စသည်တို့မှ ထုတ်ယူရရှိနိုင်သည်။
(ဂ) Carrageenan
Carrageenan ကို စက်မှုသုံးပစ္စည်းများ၊ ဓာတုဗေဒပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ စားသောက်ကုန်များနှင့် စားသောက်ကုန် အရည်အသွေး ရေရှည်ထိန်းထားနိုင်သော်လည်း ဘေးဥပဒ်နှင့် ဘေးထွက်ပစ္စည်းကင်းစင်သည့် စားသောက်ကုန် အရောင်တောက်ပ စေရန် သုံးသည့်ပစ္စည်းများအနေဖြင့် အလွန်တွင်ကျယ်စွာ အသုံးပြုနေရသည့် ပင်လယ်ရေမှော်ထွက်ပစ္စည်းဖြစ်သည်။
Carrageenan ကို ပင်လယ်ရေမှော်များမှ ထုတ်လုပ်နိုင်သော်လည်း ယနေ့ကမ္ဘာပေါ်တွင် အကောင်းဆုံး Carrageenan ထုတ်လုပ်သည့် ပင်လယ်ရေမှော်မျိုးမှာ Eucheuma ဖြစ်သည်။ Eucheuma မျိုးတွင် Eucheuma cottonii, Eucheuma spinosum, Eucheuma cottonii farming များမှ Carrageenan သည် အကောင်းဆုံးဖြစ်သဖြင့် နိုင်ငံတကာတွင် အသုံးများကြပြီး အထူးသဖြင့် အာရှတွင် Eucheuma cottonii ကိုသာ မွေးမြူထုတ်လုပ်လျက်ရှိပါသည်။
စားသုံးရနိုင်သည့် ရေမှော်များ (သို့) Edible seaweed များကို လူများစားသုံးကြရာတွင် ဟင်းချို(သို့) Soup အဖြစ်လည်းကောင်း၊ အသုပ် (သို့) salad အဖြစ်လည်းကောင်း ပြုလုပ်စားသုံးကြပါသည်။
ပင်လယ်ရေမှော်များမှာ Caulerpa, Uderia, Laminaria, Entero- morpha, Gracillaria, Porphyra စသည်များ ပါဝင်ကြသည်။ ပင်လယ်ရေမှော်များကို လူတို့စားသုံးသည့်အပြင် တိရစ္ဆာန်အစာအဖြစ် လည်းကောင်း၊ သဘာဝမြေဩဇာအဖြစ်လည်းကောင်း ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။ ။


