နာဂါဆာကီမြို့ အဏုမြူဗုံးကြဲချခံရခြင်း ၈၁ နှစ်မြောက် အောက်မေ့ဖွယ်ရာအထိမ်းအမှတ် ယနေ့ ကျင်းပ

တိုကျို   ဩဂုတ်   ၉

ဂျပန်နိုင်ငံ နာဂါဆာကီမြို့ အဏုမြူဗုံးကြဲချခံရခြင်း ၈၁ နှစ်မြောက် အောက်မေ့ဖွယ်ရာအထိမ်းအမှတ်ကို ယနေ့ ကျင်းပခဲ့ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုက နာဂါဆာကီမြို့ပေါ်သို့ အဏုမြူဗုံးကြဲချခဲ့သည်မှာ ယနေ့ ဩဂုတ် ၉ ရက်တွင် ၈၁ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

နျူကလီးယားလက်နက်များသည် လူသားမျိုးနွယ်နှင့် ဘယ်သောအခါမျှ အတူယှဉ်တွဲတည်ရှိနိုင်မည်မဟုတ်ကြောင်း မြို့တော်ဝန် ဆူဇူကီးရှီယိုက နှစ်စဉ်ကျင်းပမြဲဖြစ်သော   ငြိမ်းချမ်းရေးအခမ်းအနားတွင် ပြောကြားခဲ့သည်။

အဏုမြူဗုံးပေါက်ကွဲခဲ့သည့်   ၁၉၄၅ ခုနှစ် ဩဂုတ် ၉ ရက် နံနက် ၁၁ နာရီ ၂ မိနစ်အချိန်၌ နာဂါ ဆာကီမြို့သည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ထိုနှစ်ကုန်ချိန်အထိ လူပေါင်း ၇၃၀၀၀ ကျော် သေဆုံးခဲ့သည်ဟု ခန့်မှန်းရသည်။ အသက်ရှင်ကျန်ရစ်သူအများအပြားမှာလည်း ကင်ဆာရောဂါနှင့် ရေဒီယိုသတ္တိကြွရောင်ခြည် သက်ရောက်မှုကြောင့်ဖြစ်သော အခြားရောဂါဝေဒနာများကို ခံစားခဲ့ကြ ရသည်။

ဂျပန်ဝန်ကြီးချုပ် တာခိုင်ချီဆာနေးနှင့် နိုင်ငံပေါင်း ၉၈ နိုင်ငံမှ ကိုယ်စားလှယ်များက အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

နာဂါဆာကီမြို့တော်ဝန် ဆူဇူကီးရှီယိုက အဏုမြူဗုံးဒဏ်သင့်  သေဆုံးခဲ့သူများ၏ နောက်ဆုံးရစာရင်းကို အောက်မေ့ဖွယ်နေရာ၌ စာရင်းသွင်းခဲ့သည်။ အဆိုပါစာရင်းတွင် လူပေါင်း ၂၀၄၇၀၈ ဦး၏ အမည်များ ပါဝင်ပြီး ၎င်းတို့အနက် လွန်ခဲ့သော ၁၂ လတာကာလအတွင်း သေဆုံးခဲ့သူ သို့မဟုတ် သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့သူ ၂၇၇၃ ဦးလည်း ပါဝင်သည်။

ဂျပန်နိုင်ငံသည် နျူကလီးယားလက်နက်မပိုင်ဆိုင်၊ မထုတ်လုပ်၊ မတင်သွင်းဟူသော နျူကလီးယားလက်နက်ဆိုင်ရာ မူဝါဒသုံးရပ်ကို ခိုင်မာစွာဆက်လက်ကိုင်စွဲထားကြောင်း ဝန်ကြီးချုပ် ဆာနေးက ပြောကြားခဲ့သည်။ နာဂါဆာကီမြို့ကို အဏုမြူဗုံးဒဏ်ခံခဲ့ရသည့် နောက်ဆုံးနေရာဖြစ်စေရမည်ဟူသော ကတိကဝတ်နှင့် စစ်ပွဲအတွင်း အဏုမြူဗုံးဒဏ်ခံခဲ့ရသည့် တစ်ခုတည်းသောနိုင်ငံအဖြစ် မိမိတို့၏ တာဝန်ဝတ္တရားကိုခံယူလျက် နျူကလီးယားလက်နက်ကင်းစင်သော ကမ္ဘာကြီးတစ်ခုဖြစ်ပေါ်လာစေရန် လက်တွေ့ကျပြီး ဖြစ်နိုင်ခြေရှိသော ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဆာနေးက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံတစ်ဝန်းရှိ ပြည်သူများက ဩဂုတ် ၉ ရက်တစ်နေ့လုံး အဆိုပါအဖြစ်ဆိုးကြီးကို အောက်မေ့သတိရလျက်  ငြိမ်းချမ်းရေး၏ အရေးပါမှုကို ထပ်လောင်းအတည်ပြုဖော်ပြခဲ့ကြသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်