MNL ကလပ် ရှမ်းယူနိုက်တက်အသင်း ပြည်တွင်း၊ ပြည်ပကစားသမားသစ်များ ခေါ်ယူ

ရန်ကုန်    ဩဂုတ်   ၉

မြန်မာနေရှင်နယ်လိဂ် ကလပ် ရှမ်းယူနိုက်တက်အသင်းသည် ရာသီသစ်အတွက် ပြည်တွင်း၊ ပြည်ပ ကစားသမားသစ်များ ခေါ်ယူအားဖြည့်လျက်ရှိသည်။ ရှမ်းယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ရာသီ တွင် အသုံးပြုခဲ့သည့်  ကစားသမားများအနက်  နိုင်ငံခြားသားကစားသမားများ၊    ပြည်တွင်းအမာခံကစားသမားအချို့နှင့် လမ်းခွဲပြီးနောက် ကစားသမားသစ်များ အင်အားဖြည့်တင်းနေခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည်  ပြည်တွင်းကစားသမားသစ်များအဖြစ် ရတနာပုံအသင်း ကွင်းလယ်ကစားသမား စိုးမင်းဦး၊ ဟံသာဝတီယူနိုက်တက် တောင်ပံကစားသမား ဇွဲမာန်သာ၊ ဒဂုံစတား ယူနိုက်တက်အသင်း၏ မြန်မာ့လက်ရွေးစင်ဟောင်း ကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင်၊ Dagon Port  အသင်း နောက်ခံလူ နောင်နောင်စိုးတို့ကို ခေါ်ယူထားပြီး  ယခုလအတွင်း  လက်ရွေးစင်အဆင့်  ကစားသမားများ  ထပ်မံအင်အားဖြည့်တင်းမည်ဖြစ်သည်။ နိုင်ငံခြားသား ကစားသမားခေါ်ယူမှုအဖြစ် ပြီးခဲ့သည့်ရာသီက အသုံးပြုခဲ့သည့် ကွင်းလယ်ကစားသမား မတ်ခ်ဆာကီနှင့် နောက်တန်းအစွန်လူ ယုကီတို့ကို သက်တမ်းတိုးခဲ့ပြီး ကစားသမားသစ်များအဖြစ် ဘရာဇီးတိုက်စစ်မှူး ဒေါ့ဆန်းတို့စ် ကော်စတာဂျူနီယာ၊ ရုရှားတောင်ပံကစားသမား တိုကာရက်ဗ်၊ ပြင်သစ်နောက်ခံလူ နာနီတယ်လာမီနိုရီ၊ ဂါနာနောက်ခံလူ ဘိုတန်၊ ဂါနာကွင်းလယ် ကစားသမား စတီဖင်တို့ကို ခေါ်ယူထားသည်။ ရှမ်းယူနိုက်တက်အသင်းသည် ရာသီသစ်ကို နည်းပြချုပ်သစ်ဖြင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး မကြာမီနည်းပြချုပ်သစ်အား ကြေညာမည်ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် လာမည့်ရာသီတွင် ပြည်တွင်းပြိုင်ပွဲများအပြင် နိုင်ငံတကာပြိုင်ပွဲနှစ်ခုလည်း ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့်  ပြင်ဆင်မှုများစွာ ပြုလုပ်နေခြင်းဖြစ်သည်။

သတင်း - ရှိုင်းထက်ဇော်

ဓာတ်ပုံ - SUFC