မကျက်တကျက် အစားအစာများနှင့် မီးလောင်ကျွမ်းထားသော အစားအစာများ၏နောက်ကွယ်က ကျန်းမာရေးအန္တရာယ်များ

ဒေါက်တာအောင်ညွန့်ပိုင်

ခေတ်ကာလပြောင်းလဲလာသည်နှင့်အမျှ နေထိုင်စားသောက်မှုပုံစံများလည်း ပြောင်းလဲလာပြီး အသားစိမ်း၊ ငါးစိမ်းများနှင့် မကျက်တကျက် ချက်ပြုတ်ထားသော အစားအစာများကို လူကြိုက်များလာကြသည်။ များစွာသော လူတို့သည် အစားအစာတစ်ခု၏ အရသာ၊ အနံ့နှင့် အသွင်အပြင်ကိုသာ အလေးထားပြီး ၎င်း၏နောက်ကွယ်တွင် ခိုအောင်းနေနိုင်သည့် အဏုဇီဝပိုးမွှားများနှင့် ရေရှည်ကျန်းမာရေးဘေးထွက်ဆိုးကျိုးများကို သတိမမူမိကြပေ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization - WHO) ၏ အချက်အလက်များအရ နှစ်စဉ် ကမ္ဘာတစ်ဝန်းတွင် လူဦးရေ ၁၀ ဦးလျှင် တစ်ဦးနှုန်းသည် မသန့်ရှင်းသော သို့မဟုတ် မကျက်သော အစားအစာများကြောင့် အစာအဆိပ်သင့်ခြင်း (Foodborne Diseases) ကို ခံစားနေရပြီး လူဦးရေ လေးသိန်းကျော်သည် အစာအဆိပ်သင့်ခြင်းကြောင့်ပင် အသက်ဆုံးရှုံးနေရသည်။ ယနေ့ မြိန်ယှက်စွာ စားသုံးလိုက်သော မကျက်တကျက်အသား တစ်လုတ်ကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါမှသည် အသက်အန္တရာယ်စိုးရိမ်ရသည့် ရောဂါကြီးများအထိ ဖြစ်စေနိုင်သည်ကို သတိချပ်ရန်လိုသည်။

မကျက်တကျက်အသားနှင့် ပိုးမွှားကူးစက်မှု

အသားများကို လုံလောက်သော အပူချိန်ဖြင့် ချက်ပြုတ်ခြင်းမပြုဘဲ မကျက်တကျက် စားသုံးခြင်း သည် တိရစ္ဆာန်များမှတစ်ဆင့် လူသို့ကူးစက်တတ်သော အောက်ပါပြင်းထန်သည့် ပိုးမွှားများနှင့် ကပ်ပါးကောင်များကို ဖိတ်ခေါ်နေခြင်းဖြစ်သည်။

၁။ သံပြားကောင်(Tapeworm - Taenia spp.)

တွေ့ရှိရသော အသား။ ။ မကျက်တကျက် စားသုံးသော အမဲသား (Taenia saginata) နှင့် ဝက်သား (Taenia solium)။

ကူးစက်ပုံနှင့် ရောဂါလက္ခဏာ။ ။ အသားထဲတွင် အိမ်ဖွဲ့ခိုအောင်းနေသော ကပ်ပါးကောင် သားလောင်း (Cysticerci)များကို မီးအပူဖြင့် သေအောင် မသတ်ဘဲ စားမိသောအခါ လူတို့၏ အူလမ်းကြောင်း အတွင်းသို့ရောက်ရှိပြီး မီတာပေါင်းများစွာ ရှည်လျားသော သံပြားကောင်ကြီးများအဖြစ် ကြီးထွားလာသည်။ ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်းနှင့် အာဟာရ ချို့တဲ့ခြင်း စသည်တို့ကို ဖြစ်စေသည်။ ပို၍ဆိုးရွားသည်မှာ သံပြားကောင်ဥများကို မတော်တဆ ပြန်လည်စားမိပါက သားလောင်းများသည် သွေးကြောမှတစ်ဆင့် ဦးနှောက်အတွင်းအထိ ရောက်ရှိကာ အတက်ရောဂါနှင့် ဦးနှောက်ရောင်ခြင်း (Neurocysticer-cosis) အထိ ဖြစ်ပွားစေပြီး အသက်အန္တရာယ် ရှိနိုင်ပါသည်။

၂။ ဝက်သန်ကောင် (Trichinella spiralis)

တွေ့ရှိရသောအသား။ ။ ဝက်သားနှင့် တောရိုင်းတိရစ္ဆာန်အသားများ။

ကူးစက်ပုံနှင့် ရောဂါလက္ခဏာ။ ။ မကျက်သော ဝက်သားထဲမှ Trichinella သားလောင်းများသည် အစာအိမ်အက်စစ်ကြောင့် အိမ်မြှေးပွင့်လာပြီး အူမကြီးအတွင်း သန်ကောင်မကြီးများ ဖြစ်လာသည်။ ၎င်းတို့မှတစ်ဆင့် ပွားများလာသော သားလောင်း အသစ်များသည် သွေးကြောထဲမှတစ်ဆင့် လူ့ခန္ဓာ ကိုယ်ရှိ ကြွက်သားများအတွင်းသို့ ထိုးဖောက် ဝင်ရောက်ကြသည်။ ရောဂါပြင်းထန်ပါက ဖျားခြင်း၊ မျက်ခွံများဖောရောင်ခြင်း၊ ပြင်းထန်စွာ ကြွက်သား နာကျင်ခြင်းနှင့် နှလုံးကြွက်သားရောင်ခြင်း (Myocarditis) တို့အထိ ဖြစ်ပွားတတ်သည်။

၃။ ဆာမိုနဲလား (Salmonella spp.)

တွေ့ရှိရသော အသား။ ။ ကြက်သား၊ ဘဲသား၊ ကြက်ဥနှင့် နို့စိမ်းများ။

ကူးစက်ပုံနှင့် ရောဂါလက္ခဏာ။ ။ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (Centers for Disease Control and Prevention- CDC) ၏ ဖော်ပြချက်အရ Salmonella သည် ကမ္ဘာ ပေါ်တွင် အစာအဆိပ်သင့်ခြင်းကို အဖြစ်စေဆုံးသော ဗက်တီးရီးယားဖြစ်သည်။ အပူချိန် ၇၄° C (၁၆၅° F) အောက်ဖြင့် ချက်ပြုတ်ထားသော ကြက်သား/ကြက်ဥများကို စားမိပါက ၁၂ နာရီမှ ၇၂ နာရီအတွင်း ပြင်းထန်စွာ ဗိုက်အောင့်ခြင်း၊ ဖျားခြင်း၊ သွေးဝမ်းသွားခြင်း စသည်တို့ကို ခံစားရမည်ဖြစ်ပြီး ကိုယ်ခံ အားနည်းသူများတွင် ပိုးကသွေးထဲသို့ပျံ့နှံ့ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။

၄။ ကမ်ပိုင်လိုဘက်တာ (Campylobacter spp.)

တွေ့ရှိရသော အသား။ ။ မကျက်တကျက် ချက်ထားသော ကြက်၊ ငှက်အသားများနှင့် ရောဂါပိုးပါသော နို့စိမ်းများ။

ကူးစက်ပုံနှင့် ရောဂါလက္ခဏာ။ ။ ကမ္ဘာပေါ်တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားစေသည့် အဓိက အကြောင်းရင်းထဲတွင် ပါဝင်သည်။ ရက်ပေါင်း များစွာကာလပတ်လုံး ဗိုက်ရစ်နာခြင်းနှင့် အရည် ဝမ်းများ၊ သွေးဝမ်းများသွားခြင်း စသည်တို့ကိုဖြစ်စေသည်။ အဆိုးရွားဆုံး နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် ကူးစက်ခံရပြီး သီတင်းပတ်အနည်းငယ်အကြာတွင် ခန္ဓာကိုယ်အကြောသေခြင်းကို ဖြစ်စေနိုင်သည့် Guillain-Barré Syndrome (GBS) ဟုခေါ်သော ရှားပါးအာရုံကြောရောဂါကို လှုံ့ဆော်ပေးနိုင်ကြောင်း သုတေသန စာတမ်းများက သက်သေပြထားသည်။

၅။ အသည်းရောင်အသားဝါ အီး ဗိုင်းရပ်စ် (Hepatitis E Virus - HEV)

တွေ့ရှိရသောအသား။ ။ ဝက်သား (အထူးသဖြင့် ဝက်အသည်း) နှင့် တောဝက်သားများ။

ကူးစက်ပုံနှင့် ရောဂါလက္ခဏာ။ ။ လူအများစုသည် အသားစားလျှင် ဗက်တီးရီးယားနှင့် သန်ကောင် ကိုသာ ကြောက်တတ်ကြပြီး ဗိုင်းရပ်စ်ပိုးကို သတိမမူမိတတ်ကြပါ။ မကျက်တကျက် ချက်ထားသော ဝက်အသည်း သို့မဟုတ် ဝက်သားတုံးများကို စားသုံးမိရာမှတစ်ဆင့် ရုတ်တရက် အသည်းရောင်ခြင်း (Acute Hepatitis) ကို ဖြစ်စေသည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များတွင် Hepatitis E ပိုးဝင်ရောက်ပါက အသည်းရောင်အသားဝါရောဂါ ပြင်းထန်စွာခံစားရပြီး ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် မိခင်သေဆုံးမှုနှုန်း ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ မြင့်မားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က သတိပေးထားသည်။

ငါးအစိမ်း၊ ရေချိုငါးနှင့် Liver Fluke အန္တရာယ်

ဂျပန်အစားအစာဖြစ်သော ဆူရှီ (Sushi) နှင့် ဆာရှိမိ (Sashimi) များ ခေတ်စားလာခြင်း၊ မြန်မာ နိုင်ငံတွင်လည်း ရေချိုငါးများကို သုပ်၍လည်းကောင်း၊ အစိမ်းလိုက်လည်းကောင်း စားသုံးသည့်ဓလေ့များကြောင့် ငါးသန်ကောင်နှင့် ကပ်ပါးကောင် အန္တရာယ်သည် မြင့်မားလာပါသည်။

အသည်းသံပြားကောင်(Liver Fluke - Opisthorchis

 viverrini နှင့် Clonorchis sinensis)

ရေချိုငါးများကို အစိမ်းလိုက် သို့မဟုတ် ကစော်ဖောက်၍ (ငါးချဉ်)၊ သံပရာရည်ဖြင့်သုပ်၍ မကျက်တကျက် စားသုံးသောအခါ ငါးများ၏ အသားထဲတွင် ကပ်ငြိနေသော Metacercariae ဟုခေါ်သည့် ကပ်ပါးကောင် သားလောင်းများသည် လူ့ခန္ဓာကိုယ်အတွင်း ရောက်ရှိသွားသည်။ ၎င်းတို့သည် အူသိမ်မှတစ်ဆင့် သည်းခြေပြွန်အတွင်းသို့ ဆန်တက်ကာ အသည်းနှင့် သည်းခြေလမ်းကြောင်းတွင် နှစ်ပေါင်းများစွာ ခိုအောင်းအခြေချကြသည်။

အာရှတိုက် (အထူးသဖြင့် အရှေ့တောင်အာရှ နှင့် မဲခေါင်မြစ်ဝှမ်းဒေသ) ရှိ ရေချိုငါးအစိမ်း စားသုံး သူများသည် အန္တရာယ်အမြင့်ဆုံးဖြစ်သည်။ ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် ဤအသည်းသံပြားကောင်များကြောင့် သည်းခြေပြွန်တွင် နာတာရှည်ရောင်ရမ်းမှုဖြစ်ပွားပြီး ဤပိုးကြောင့်သည်းခြေပြွန်ကင်ဆာ (Cholangio-carcinoma) တိုက်ရိုက် ဖြစ်ပွားစေနိုင်သည်။

မီးလောင်ကျွမ်းထားသော အသားနှင့် ကင်ဆာအန္တရာယ်

မကျက်တကျက်စားခြင်းသည် ပိုးမွှားအန္တရာယ်ရှိသကဲ့သို့ အသားကို ကျက်အောင်ကင်ရာတွင်လည်း မီးကျွမ်းသွားပါက အခြားသော ဓာတုဗေဒကင်ဆာအန္တရာယ်တစ်ခု ရှိနေပြန်ပါသည်။

အမဲသား၊ ဝက်သား၊ ကြက်သားနှင့် ငါးများကို ဒယ်အိုးပြားပေါ်တွင်ဖြစ်စေ၊ မီးကင်၍ဖြစ်စေ မြင့်မားသောအပူချိန်ဖြင့် အချိန်ကြာမြင့်စွာ ချက်ပြုတ်သောအခါ အသားထဲတွင်ပါဝင်သော အမိုင်နိုအက်စစ်၊ သကြားဓာတ်နှင့် ကရီယာတင်း (Creatine)တို့ ဓာတ်ပြုပြီး Heterocyclic Amines (HCAs) ဒြပ်ပေါင်းများ ထွက်လာသည်။ ဤဓာတ် ပစ္စည်းများသည် ခန္ဓာကိုယ်အတွင်းရှိ DNA ဗီဇကိုပျက်စီးစေနိုင်စွမ်းရှိပါသည်။

အသားကို မီးဖိုပေါ်တွင် တိုက်ရိုက်ကင်သည့်အခါ အသားမှ အရည်ပျော်ကျလာသော အဆီများနှင့် အရည်များသည် မီးခဲပေါ်သို့ကျသွားပြီး မီးတောက်နှင့် မီးခိုးများကို ဖြစ်စေသည်။ ထိုမီးခိုးများတွင် Polycyclic Aromatic Hydrocarbons (PAHs) ဓာတ်ငွေ့များပါဝင်ပြီး ၎င်းတို့သည် အသား၏ မျက်နှာပြင်ပေါ်တွင် ပြန်လည်ကပ်ငြိသွားကြသည်။ ၎င်းကို စားသုံးမိပါက ကင်ဆာဖြစ်ပွားမှုကို လှုံ့ဆော်ပေးပါသည်။

ပြုပြင်ထားသောအသားနှင့် အူမကြီးကင်ဆာ

IARC ၏ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာအရ ဝက်အူချောင်း၊ ဟမ် (Ham)၊ ဘေကွန် (Bacon)နှင့် အသားတုကဲ့သို့သော ပြုပြင်ထားသော အသားများကို Group 1 Carcinogen (လူကို ကင်ဆာတိုက်ရိုက် ဖြစ်စေသောအရာ) အဖြစ် သတ်မှတ်ထားပြီး အမဲသား၊ ဝက်သားကဲ့သို့ အသားနီ (Red Meat) များကိုမူ Group 2A (ကင်ဆာဖြစ်နိုင်ခြေရှိသောအရာ)အဖြစ် သတ်မှတ်ထားသည်။ နေ့စဉ် ပြုပြင်ထားသော အသား ၅၀ ဂရမ်စားသုံးခြင်းသည် အူမကြီးနှင့် အူမရိုး ကင်ဆာ (Colorectal Cancer) ဖြစ်ပွားနိုင်ခြေကို ၁၈ ရာခိုင်နှုန်းအထိ တိုးမြင့်စေကြောင်း ခိုင်မာသော သက်သေအထောက်အထားများရှိပါသည်။

ဟော့ပေါ့၊ BBQနှင့် လမ်းဘေးအစားအစာများ စားသည့်အခါ သတိထားရမည့်အချက်များ

သူငယ်ချင်း၊ မိသားစုများနှင့်အတူ ပျော်ရွှင်စွာ စားသုံးလေ့ရှိသော အသားကင်၊ ဟော့ပေါ့နှင့် လမ်းဘေးစာများသည် သတိမထားပါက ရောဂါကူးစက်ရာ အဓိကနေရာများ ဖြစ်လာနိုင်ပါ သည်။

ဟော့ပေါ့ သို့မဟုတ် အသားကင်စားသည့်အခါ အသားစိမ်းများကို ကိုင်တွယ်သည့် ညှပ်/တုတ်/ဇွန်းနှင့် ကျက်သွားသော အသားများကို ခွာယူစားသုံးသည့် ညှပ်/တုတ်/ဇွန်းများကို ရောနှော အသုံးပြုခြင်းသည် အကြီးမားဆုံး အမှားဖြစ်ပါသည်။ အသားစိမ်းတွင်ပါသော ဗက်တီးရီးယားများသည် ချက်ချင်းပင်ကျက်ပြီးသား အသားပေါ်သို့ ကူးစက်သွားတတ်ပါသည်။

ဟော့ပေါ့အိုးထဲသို့ အသားစိမ်းများ အပြုံလိုက် ထည့်ခြင်းကြောင့် အိုးအတွင်း အပူချိန်ရုတ်တရက် ကျဆင်းသွားတတ်သည်။ အသား၏ အရောင်ပြောင်းရုံမျှဖြင့် ကျက်ပြီဟုယူဆကာ ဆွဲထုတ်စား ခြင်းသည် ပိုးမွှားများကို အရှင်လတ်လတ်မျိုချလိုက်ခြင်းနှင့် တူညီပါသည်။     

လက်တွေ့ကာကွယ်နိုင်သည့် နည်းလမ်း ၁၀ ချက် 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဘေးကင်းသော အစားအစာဖြစ်စေရန် သော့ချက်ငါးချက်နှင့် CDC လမ်းညွှန်ချက်များအရ အခြေခံထားသော လက်တွေ့လိုက်နာရမည့် နည်းလမ်း (၁၀) ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

အသား၏ အလယ်ဗဟိုအပူချိန်ကို တိုင်းတာရန် အစားအသောက်သုံး သာမိုမီတာ (Food Thermometer) ကို အသုံးပြုပါ။ ကြက်/ဘဲသား ဖြစ်ပါက ၇၄° C (၁၆၅° F)၊ ဝက်သားနှင့် အမဲသား တုံးများဖြစ်ပါက ၆၃° C (၁၄၅° F)၊ အသားမှုန့်/ အသား စဉ်းကောဖြစ်ပါက ၇၁° C (၁၆၀° F) အထိ အနည်းဆုံး ကျက်အောင်ချက်ပါ။

အသားစိမ်း၊ ငါးစိမ်းများ လှီးဖြတ်သည့် စဉ်းတီတုံး၊ ဓားများနှင့် ချက်ပြုတ်ပြီးသား အစားအစာသုံး ပစ္စည်းများကို လုံးဝသီးခြားစီ ခွဲထားပါ။

အသားစိမ်းများကို ကိုင်တွယ်ပြီးတိုင်း၊ မစားသောက်မီတိုင်းတွင် လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် ဆေးကြောပါ။

ဟော့ပေါ့၊ BBQ စားလျှင် တူ/ညှပ် နှစ်စုံသုံးပါ။ အသားစိမ်းထည့်ရန် တူ/ညှပ် တစ်စုံနှင့် ကျက်ပြီး သားကို နှိုက်စားရန် နောက်ထပ်တူ/ညှပ် တစ်စုံကို သီးသန့်အသုံးပြုပါ။

သည်းခြေပြွန်ကင်ဆာအန္တရာယ်မှ ကာကွယ်ရန် ရေချိုငါးများကို ရာနှုန်းပြည့်ကျက်အောင် ချက်ပြုတ်ပြီးမှသာစားသုံးပါ။

အသားကင်စားသည့်အခါ မီးလောင်ကျွမ်းပြီး မည်းနက်နေသော အပိုင်းအစများကို ဓားဖြင့် လှီးဖြတ်ဖယ်ထုတ်ပြီးမှ စားပါ။

အသားကို မကင်မီ သံပရာရည်၊ ရှလကာရည် သို့မဟုတ် ကြက်သွန်ဖြူ၊ ချင်းတို့ဖြင့် နာရီဝက်ခန့် ကြိုတင်နှပ်ထားခြင်း (Marination) သည် HCAs ဓာတ်ပစ္စည်းများ ထွက်ရှိမှုကို ၉၀ ရာခိုင်နှုန်းကျော် အထိ လျှော့ချပေးနိုင်ကြောင်း သုတေသနများအရ သိရသည်။

အသားကို မီးမကင်မီ မိုက်ခရိုဝေ့ဖ်ဖြင့်ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ အနည်းငယ်ကြိုတင်ကျက်အောင် လုပ်ထားခြင်းဖြင့် မီးပေါ်တွင် ကင်ရမည့်အချိန်ကို လျှော့ချနိုင်ပြီး PAHs နှင့် HCAs ဖြစ်ပေါ်မှုကို နည်းပါးစေသည်။

ချက်ပြုတ်ပြီးသား အစားအစာများကို ပြင်ပလေထုထဲတွင် နှစ်နာရီထက်ပိုမထားပါနှင့်။ ၄° C (၄၀° F) အောက်ရှိသော ရေခဲသေတ္တာထဲတွင် စနစ်တကျ ပိတ်ဆို့သိမ်းဆည်းပါ။

သန့်ရှင်းသော သောက်သုံးရေ၊ သန့်စင်သော နို့နှင့် လတ်ဆတ်သောကုန်ကြမ်းများကိုသာ ရွေးချယ် ဝယ်ယူ ချက်ပြုတ်ပါ။

ဆရာဝန်တစ်ဦးအနေဖြင့် တိုက်တွန်းလိုသည်မှာ “အရသာကိုမက်မောကာ ကျန်းမာရေးကို လောင်းကြေးမထပ်သင့်ဘူး”ဆိုသော အချက်ပင်ဖြစ်သည်။ မကျက်တကျက် အသားတစ်လုတ်၊ ငါးအစိမ်း တစ်ပွဲ၏ တစ်ခဏတာလျှာဖျား အရသာအတွက်နှင့် မိမိ၏အဖိုးတန်လှသော အသည်း၊ ကျောက်ကပ်၊ ဦးနှောက်နှင့် အသက်အန္တရာယ်ကို အထိခိုက်မခံသင့်ပါ။ စနစ်တကျသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ပြည့်ဝသော အပူချိန်ဖြင့်ချက်ပြုတ်ခြင်းဟူသော ရိုးရှင်းသည့် ကျန်းမာရေးအလေ့အထများသည် ကင်ဆာနှင့် ပြင်းထန်သော ကပ်ပါးကောင်ဘေးအန္တရာယ်များက ရာနှုန်းပြည့် ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် ယနေ့မှစ၍ ဘေးကင်းစိတ်ချရသော စားသောက်မှု ပုံစံကို ရွေးချယ်ပြီး အသက်ရှည်ကျန်းမာစွာနေထိုင် နိုင်ကြစေရန်တိုက်တွန်းလိုက်ရပါတော့သည်။ ။