စည်သူကျော်
Fam Trip ဆိုသည်မှာ မဟာဗျူဟာကျကျ စီစဉ်ဆောင်ရွက်ရသော ဈေးကွက်မြှင့်တင်ရေး လုပ်ဆောင်ချက်တစ်ခုဖြစ်ပါသည်။ Fam Trip is not a free trip ( အခမဲ့ အပျော်သဘောသက်သက် ရှုမြင်ဆောင်ရွက်ရသော အရာတစ်ခုမဟုတ်ပါချေ။) Fam Trip အတွေ့အကြုံများကို စီးပွားရေးရလဒ် အသွင်ပြောင်းလဲဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ပါသည်။
ယင်းသို့ ပြောင်းလဲဆောင်ရွက်နိုင်ရေးအတွက် Fam Trip ဖိတ်ခေါ်ခဲ့သော အိမ်ရှင်နိုင်ငံ/ အဖွဲ့အစည်း ကပင် ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆောင်ရွက်ရပါမည်။ Fam Trip အဖွဲ့ဝင်များ လေယာဉ်ပေါ်တက်၊ လက်ပြ နှုတ်ဆက်ကာ ပြန်သွားကြပြီးနောက် အနှစ်နှစ်အလလ စီစဉ်ဆောင်ရွက်ခဲ့သော Fam Trip ခရီးစဉ် ကြီး အောင်မြင်စွာပြီးဆုံးလေပြီဟု သက်ပြင်းကိုချ စိတ်လျှော့၍ မရသေးပါချေ။ Fam Trip ပြီးသွားခြင်းသည် အလုပ်ပြီးသွားခြင်းမဟုတ်သေးပါ။ ခရီးစဉ်၏ နောက်ဆက်တွဲရလဒ်ကို ပြောင်းလဲဖော်ဆောင်ရပေဦးမည်။
ယင်းသို့ ပြောင်းလဲဖော်ဆောင်ရန်အတွက် အဓိကဆောင်ရွက်ရမည့်အချက်မှာ “Follow up Marketing” လုပ်ဆောင်ချက်ပင်ဖြစ်သည်။ Follow up Marketing သည် Fam Trip အတွေ့အကြုံများကို စီးပွားရေးရလဒ် (Business Result) အသွင် ပြောင်းလဲဖော်ဆောင်ပေးမည့်အရာပင် ဖြစ်ပါသည်။ ခရီးသွားလုပ်ငန်းတွင် Fam Trip နှင့်ပတ်သက်သော စကားတစ်ခုရှိပါသည်။ ယင်းမှာ “A Fam Trip without follow-up is just a free holiday.” နောက်ဆက်တွဲ လိုက်ပါလှုံ့ဆော်ဆောင်ရွက်မှုများမပြုလုပ်ပါက Fam Trip သည် အချို့ထင်သလို “အခမဲ့ခရီး ပို့ဆောင်ပေးခြင်း” သာဖြစ်ပေလိမ့်မည်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုပြုခြင်းမဖြစ်နိုင်ပါ။
Fam Trip တွင် ပါဝင်ခဲ့သူများက ခရီးစဉ်အတွင်း ရရှိခဲ့သည့် အတွေ့အကြုံများကို မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့်ဖော်ထုတ်ရေးသားပြသနိုင်ရေး၊ ခရီးစဉ်များအဖြစ် ဖန်တီးရောင်းချနိုင်စေရေး၊ ခရီးသွားအရေအတွက် တိုးတက်မြင့်မားလာစေရေး၊ မိတ်ဖက်အဖွဲ့အစည်းများ တိုးချဲ့ဆက်ဆံနိုင်ရေး နှင့် အပြန်အလှန်ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ခရီးစဉ်ဒေသ၏ပုံရိပ်ကို မြှင့်တင်ပေးနိုင်ရေးတို့ အဖြစ် ပြောင်းလဲဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ပါသည်။
ယင်းသို့ ပြောင်းလဲဆောင်ရွက်မှုကို Fam Trip လုပ်ဆောင်ပြီးပြီးချင်း ဆောလျင်စွာဆက်လက် ဆောင်ရွက်နိုင်ရေး တွန်းအားပေးလှုံ့ဆော် ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ “မီး ဝေး ချိပ်” ဆိုသော မြန်မာစကားအသုံးအနှုန်းရှိသည်ပင် မဟုတ်ပါလား။ Follow up Marketing လုပ် ဆောင်ရန် ပျက်ကွက်နေမည် (သို့မဟုတ်) ကြန့်ကြာနေမည်ဆိုပါက Fam Trip တွင်ပါဝင်ခဲ့သည့် အဖွဲ့ဝင် များအနေဖြင့် ခရီးစဉ်ဒေသအပေါ် စိတ်ပါဝင်စားမှုကြာလေ လျော့ပါးလေဖြစ်မည်ဖြစ်ပါသည်။
Fam Trip သွားရောက်ခဲ့သည့် ခရီးစဉ်ဒေသအပေါ် စိတ်ဝင်စားမှုလျော့ပါးသွားခြင်းကြောင့် ခရီးစဉ်များရေးဆွဲဖန်တီးမှု တုံ့ဆိုင်းသွားမည်။ ခရီးစဉ်များရေးဆွဲရောင်းချသည့် အပိုင်းတွင် ကြန့်ကြာသွားမည်။ ခရီးစဉ်ဒေသအကြောင်း ရေးသားထုတ်ဝေမှုများ ထွက်ပေါ်မလာတော့။ ဆိုရှယ်မီဒီယာများတွင် ဖော်ပြမှုနည်းပါးသွားမည်ဖြစ်ပြီး ထိရောက်သောလှုံ့ဆော်မှုများ ဖြစ်ပေါ်လာ မည်မဟုတ်ပါ။ ထို့ကြောင့် ခရီးစဉ်ဒေသအပေါ် စိတ်ဝင်စားမှုမြင့်မားနေသောအချိန်၊ ပူပူနွေးနွေးကာလတွင် အထက်ပါလုပ်ဆောင်ချက်များပေါ်ထွက်လာစေရန် ဆက်လက်တွန်းအားပေးဆောင်ရွက်နေရမည်ဖြစ်ပါသည်။
Fam Trip အကောင်အထည်ဖော်ပြီးသည့်နောက် ပထမဦးစွာဆောင်ရွက်ရမည်မှာ ဆက်သွယ် ဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်နေရန်ဖြစ်ပါသည်။ ကျေးဇူးတင်ရှိကြောင်း သတင်းစကားများ ပေးပို့ခြင်း၊ ခရီးစဉ်မှတ်တမ်းဓာတ်ပုံ၊ ဗီဒီယိုဖိုင်များပေးပို့ခြင်း၊ ခရီးစဉ်အမှတ်တရများ (Trip High-lights) ရေးသားပေးပို့ခြင်းများကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။ သို့မှသာ ခရီးစဉ်နှင့်ပတ်သက်သော အမှတ်တရများ ၎င်းတို့၏မှတ်ဉာဏ်တွင် ရေရှည်တည်တံ့နေမည်ဖြစ်သည်။ ခရီးစဉ်နှင့်ပတ်သက် သော နောက်ဆက်တွဲလှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်ပေးရန် တွန်းအားဖြစ်စေမည်ဖြစ်ပါ သည်။
ဒုတိယအချက်မှာ Fam Trip အဖွဲ့ဝင်များအတွက် လိုအပ်နိုင်သော ဓာတ်ပုံ၊ ဗီဒီယိုဖိုင်၊ စာရွက် စာတမ်း၊ အထောက်အထားများနှင့် ၎င်းတို့ခရီးစဉ် အတွင်းတောင်းခံခဲ့သော သတင်းအချက်အလက် စာရင်းဇယားများကို မပျက်မကွက်ပေးပို့ပေးရန် ဖြစ်ပါသည်။ သို့မှသာ ၎င်းတို့၏ခရီးစဉ် (Tour Package) ရေးဆွဲဖန်တီးခြင်း၊ သတင်းဆောင်းပါး စာအုပ်ရေးသားထုတ်ဝေခြင်း၊ သတင်းအချက် အလက်ဖြန့်ဖြူးမျှဝေခြင်းတို့တွင် အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။
တတိယ ဆက်လက်ဆောင်ရွက်သင့်သည့်အချက်မှာ Fam Trip အဖွဲ့ဝင်များ ရေးသားမျှဝေ သော ခရီးစဉ်ဆိုင်ရာ အချက်အလက်များကိုတစ်ဆင့် ပြန်လည်မျှဝေနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ၎င်းတို့၏ ဆိုရှယ်မီဒီယာ (သို့မဟုတ်)အခြားသတင်း စာ၊ ဂျာနယ်၊ မဂ္ဂဇင်းစသည်တို့တွင် ရေးသားဖော်ပြမှုများကို မိမိတို့ထံပေးပို့ပေးပါရန် တောင်းခံ၍ မိမိတို့၏ ဆိုရှယ်မီဒီယာလူမှုကွန်ရက်များတွင် တစ်ဆင့်ပြန်လည် ဖော်ပြခြင်းများကိုလည်း ဆောင်ရွက်ရပါမည်။ သို့မှသာ ၎င်းတို့ကို ယင်းကဲ့သို့ ရေးသားနိုင်ရန် တွန်းအားဖြစ်စေမည် ဖြစ်သကဲ့သို့ Marketing Network လည်း ပိုမိုကျယ်ပြန့်လာစေမည်ဖြစ်ပါသည်။
စတုတ္ထနှင့် အရေးကြီးဆုံးဟု သတ်မှတ်ယူဆသောအချက်မှာ Fam Trip တွင် ပါဝင်ခဲ့သော Stakeholder များနှင့်၎င်းတို့၏ ခရီးစဉ်အကြောင်း ရေးသားထုတ်ဝေမှု၊ ဖန်တီးလိုက်သော ခရီးသွား ထုတ်ကုန်များအပေါ်တွင် ဈေးကွက်၏တုံ့ပြန်ချက် (Feedback) ကို ရယူခြင်းဖြစ်ပါသည်။ Fam Trip အကောင်အထည်ဖော်သူများအနေဖြင့် ပထမအချက်မှ တတိယအချက်အထိကို ဆောင်ရွက်လေ့ ရှိကြသော်လည်း စတုတ္ထအချက်ကိုမူ တောင်းခံလေ့ (သို့မဟုတ်) ရရှိလေ့မရှိကြသည်ကို တွေ့ရှိရတတ် သည်။ အဘယ်ကြောင့်ဆိုသော် ပထမအချက်သုံးချက်သည် မိမိမှပံ့ပိုးဆောင်ရွက်ရခြင်းဖြစ်ပြီး စတုတ္ထအချက်မှာ Fam Trip တွင် ပါဝင်သူများအပိုင်းမှ ပြန်လည်ဆောင်ရွက်ပေးရသည့် အနေ အထားကြောင့်ဖြစ်ကြောင်း သုံးသပ်ရရှိပါသည်။
စာရေးသူအနေဖြင့်လည်း ရံဖန်ရံခါတွင် မိတ်ဆွေများ ကြိုးပမ်းထားသောအရာများအပေါ်တွင် (အဆင်မပြေသည့် အချက်အချို့တွေ့ရှိပါက) ထုတ်ဖော်ပြောကြားရန် အခက်အခဲရှိသည့် အနေအထားမျိုးကို ကြုံတွေ့ခဲ့ရဖူးသည်။ သို့သော် စေတနာရှေ့ထား၍ တာဝန်ရှိသည့်အတိုင်း ပြုပြင် ဆောင်ရွက်နိုင်စေရန် အပြုသဘောဆောင်သော ပြင်ဆင်ရန် အကြံပြုချက်များကို ပေးခဲ့ရသည်သာ ဖြစ်သည်။ Feedback များတောင်းခံရာ၌ ခရီးစဉ်အတွင်း မည်သည့်အရာက အထူးဆွဲဆောင်မှုရှိသည်၊ မည်သည်က တိုးတက်ကောင်းမွန်စေရန်ဆောင်ရွက်ရမည်၊ မည်သည့်အရာကို ဦးစားပေးရောင်းချသင့် သည်၊ ခရီးစဉ်ဒေသသည် မည်မျှယှဉ်ပြိုင်နိုင်စွမ်း ရှိမည် စသည်တို့ကိုဖော်ထုတ်ရမည်ဖြစ်ပါသည်။
ထို့ကြောင့် Feedback များကို မပျက်မကွက် တောင်းခံရန်လိုအပ်ပြီး ခရီးစဉ်ဒေသ၏ အားနည်းချက်၊ အားသာချက်များကိုဖော်ထုတ်ကာ ပြင်ဆင်ဆောင်ရွက်ရန်ရှိသည်များကို ပြင်ဆင်ဆောင်ရွက်ရန် နှင့်ဆောင်ရွက်ထားရှိမှုကို ပြန်လည်အသိပေးသွားရန်လိုအပ်လှပါသည်။ Fam Trip ပြီးဆုံးသည့်အချိန် တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၊ မီဒီယာ တွေ့ဆုံပွဲတို့၌ ၎င်းတို့၏ အတွေ့အကြုံကို ရှင်းလင်း ဖော်ပြလေ့ရှိသော်လည်း တစ်ဦးချင်း၏ ၎င်းတို့နယ် ပယ်အလိုက် တုံ့ပြန်ချက်ကိုမူ ရယူရမည်ဖြစ်ပါ သည်။
ယခုအချက်များသည် Fam Trip ပြီးသည့်နောက် ဆက်လက်ဆောင်ရွက်ရမည့်အချက်များကို တင်ပြ ခဲ့ခြင်းဖြစ်ပါသည်။ Fam Trip တစ်ခုကို နှစ်ရှည်လများ ကြိုတင်စီစဉ်ခဲ့ရသကဲ့သို့ Fam Trip အပြီး နောက်ဆက်တွဲဆောင်ရွက်ချက်များကို ကာလတို၊ ကာလရှည် အစီအမံများဖြင့် ဆောင်ရွက်ရန်လိုအပ်ပါသည်။ ကာလတိုအတွင်း ခရီးစဉ်အသစ်များ၊ အထူးခရီးစဉ်များ၊ ရာသီချိန်ပရိုမိုးရှင်းများကို ဆက်လက်လုပ်ဆောင်နေရမည်ဖြစ်ပါသည်။
ထို့အပြင် အစိုးရအချင်းချင်း သော်လည်းကောင်း၊ ပုဂ္ဂလိကအသင်းအဖွဲ့အချင်းချင်း သော်လည်းကောင်း နားလည်မှုစာချွန်လွှာများရေးထိုးခြင်း၊ ဟိုတယ် နှုန်းထားညှိနှိုင်းခြင်း (Hotel Rate Agreement)၊ Service Contract/ Business Contract များ ချုပ်ဆိုခြင်းတို့ကို လုပ်ဆောင်နိုင်ရန် အကောင်အထည် ဖော်သွားရမည်ဖြစ်ပါသည်။ ခရီးစဉ်ဒေသပုံရိပ်ကို ဆက်လက်မြှင့်တင်နိုင်ရန်အတွက် Webinar များ ပြုလုပ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ် ပွဲများပြုလုပ်ခြင်း၊ Fam Trip အဖွဲ့ဝင်နိုင်ငံများ၌ ကျင်းပသော ခရီးသွားပြပွဲများတွင် သွားရောက်ပါဝင် ပြသခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။
ရေရှည်အနေဖြင့် ခရီးစဉ်ဒေသအခြေပြု ခရီးသွားလုပ်ငန်းစီမံကိန်းများချမှတ်ခြင်း၊ ခရီးသွားလုပ်ငန်း ပင်မစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဖြစ်စေ ရေးအတွက် နည်းပညာနှင့် မူဝါဒပိုင်းဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက် မှုကွန်ရက်များ တည်ထောင်ခြင်းတို့ကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။ ပိုမိုစနစ်ကျနသော Fam Trip စီမံကိန်းများတွင် နောက်ဆက်တွဲတိုင်းတာမှုများကို ပြုလုပ်လေ့ရှိကြပါသည်။
Fam Trip များတွင် Key Performance Indicator (KPI) ကို အသုံးပြုသတ်မှတ်တိုင်းတာရာ၌ လူမှုကွန်ရက်များတွင် ကြည့်ရှုသူအရေအတွက် မည်မျှရရှိသည်၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းစသည် တို့တွင် ဆောင်းပါးမည်မျှဖြန့်ဝေရသည် စသည်ဖြင့် Media KPI ကို တိုင်းတာသည်။ Business KPI တွင် ခရီးစဉ်မည်မျှရောင်းချရသည်၊ ဟိုတယ်အခန်းမှာယူမှု (Hotel Booking) မည်မျှတိုးတက်သည်၊ လေကြောင်းခရီးစဉ် (Airline Booking) မည်မျှ တိုးတက်သည်ကို ကြည့်ရှုတိုင်းတာကြသည်။ ခရီးစဉ် ဒေသ Destination KPI တွင် ခရီးသွားဧည့်သည် မည်မျှဝင်ရောက်သည်၊ ဧည့်သည်၏ သုံးစွဲမှုမည်မျှ တိုးတက်သည်၊ ခရီးစဉ်ဒေသအပေါ် နှစ်သက်သဘောကျမှုမည်မျှမြင့်မားလာသည်တို့ကို တိုင်းတာ ကြည့်ရှုကြသည်။
အထက်ပါအချက်များကို လေ့လာသုံးသပ်ကြည့်ပါက Follow up Marketing သည် Fam Trip တစ်ခု တွင် မည်ရွေ့မည်မျှအရေးကြီးကြောင်းသိရှိနိုင်ပါသည်။ သို့သော် Fam Trip အကောင်အထည် ဖော်သူများက ဤအချက်ကို မေ့လျော့လျစ်လျူရှု ထားတတ်ကြသည်။ Follow up Marketing မလုပ် ခြင်းကြောင့် Fam Trip ပြီးသည်နှင့်မြှင့်တင်လိုသော ခရီးစဉ်ဒေသအကြောင်းသည် တိတ်ဆိတ်သွား သည်။
Fam Trip အဖွဲ့ဝင်များနှင့် အဆက်အသွယ် ပြတ်တောက်သွားသည်။ အချို့က Fam Trip ကြီး စည်စည်ကားကားဖြစ်သွားပြီး အောင်မြင်သည်ဟု မှတ်ယူကြပါသည်။ သို့ရာတွင် Fam Trip event များအပေါ် အလွန်အကျွံမှီခိုသွားခြင်းကြောင့် Follow up Marketing မလုပ်ဖြစ်ဘဲ ဧည့်သည်မရ ဖြစ်သွားတတ်ပါသည်။ ခရီးသွားလုပ်ငန်းတွင် ယင်းကို ROI (Return of Investment) မရခြင်းဟု ခေါ်ပါသည်။ Fam Trip သည် Sight seeing tour တစ်ခုသာသာ ဖြစ်သွားခြင်းဖြစ်ပါသည်။
Fam Trip တစ်ခုလုပ်ဆောင်သည့်အခါတွင် သတိထားရမည့်အချက်များ များပြားလှပါသည်။ ခရီးစဉ်ဒေသ၏ လက်တွေ့အရှိတရားထက် ပိုမိုပြသ မိခြင်းကြောင့် အမှန်တကယ် ဧည့်သည်လာရောက် သည့်အချိန်တွင် ခရီးစဉ်ဒေသ ပုံရိပ်အပေါ် ယုံကြည်မှုကျဆင်းပြီး ခရီးသွားလုပ်ငန်းရေရှည်တည်တံ့ရန် ခက်ခဲသွားမည်ဖြစ်ပါသည်။
Fam Trip လာရောက်စဉ်က တိုက်ရိုက်လေကြောင်းလိုင်းဖြင့်ခေါ်ယူပြီး မြေပြင်၌ တိုက်ရိုက် လေကြောင်းလိုင်း ပုံမှန်ပြေးဆွဲမှုမရှိခြင်း၊ ဗီဇာရရှိ ရန်ခက်ခဲခြင်း၊ ဟိုတယ်များအနေဖြင့် Fam Trip အတွက်သာ ဝန်ဆောင်မှုကောင်းပေးပြီး ဧည့်သည် ဝင်ရောက်သည့်အချိန်တွင် သန့်ရှင်းသပ်ရပ်မှုနှင့် ဝန်ဆောင်မှုအရည်အသွေးညံ့ဖျင်းခြင်း၊ ရယူသော ဝန်ဆောင်ခနှင့် ထိုက်တန်သောဝန်ဆောင်မှု မပေး နိုင်ခြင်းများသည် ROI (Return of Investment) ကို ဖျက်ဆီးမည့်အရာများဖြစ်နေတတ်ပါသည်။
မြန်မာနိုင်ငံသည် ဧည့်ဝတ်ပျူငှာသော နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ထင်ရှားကျော်ကြား ပြီးဖြစ်ပါသည်။ ရှုမငြီးနိုင်သော သဘာဝအလှတရားများနှင့် စစ်မှန်သော ယဉ်ကျေးမှုအမွေအနှစ်များ၊ ရေခံမြေခံကောင်းများ တည်ရှိရာနေရာဒေသလည်း ဖြစ်ပါသည်။ သို့ဖြစ်သောကြောင့် ပြီးပြည့်စုံသော Fam Trip ကောင်းများကို ဖန်တီးဖိတ်ခေါ်ပြီး ခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုးလာစေရေးအတွက် ရေးသားတင်ပြလိုက်ရပါသည်။ ။


