လူငယ်ရေးရာဝန်ကြီးဌာန၏ စွမ်းဆောင်မှုများ

ရွှေညာသူ(စက်မှု)

ဩဂုတ်လ ၁၂ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာလူငယ်များနေ့” ဟု သတ်မှတ်ထားပါသည်။ ထိုသို့သတ်မှတ်ပေးနိုင်ရန်အတွက် ၁၉၉၁ ခုနှစ်တွင် ဩစတြီးယားနိုင်ငံ ဗီယင်နာ (Vienna) မြို့၌ ကျင်းပသော ပထမအကြိမ် ကမ္ဘာ့လူငယ်များဖိုရမ်သို့ တက်ရောက်ခဲ့သည့် လူငယ်များက အဆိုပြုတင်ပြခဲ့ကြပါသည်။ ၎င်းလူငယ်များ၏ အဆိုပြုချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်အတွက် ၁၉၉၈ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့က ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့၌ ကုလသမဂ္ဂနှင့်ပူးပေါင်း၍ကျင်းပသည့် ပထမအကြိမ် လူငယ်ဆိုင်ရာဝန်ကြီးများ၏ ကမ္ဘာ့ညီလာခံတွင် အကြံပြုခဲ့ကြရာ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်ချက်အမှတ် ၅၄/၁၂၀ ဖြင့် ဩဂုတ်လ ၁၂ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့” အဖြစ် သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပါသည်။

ထိုသို့သတ်မှတ်ခဲ့ရာမှအစပြုကာ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ၂၀၀၀ ပြည့်နှစ်မှစတင်၍ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကြရာ ယခု ၂၀၂၆ ခုနှစ်တွင် ၂၇ ကြိမ် တိုင်ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၈ ခုနှစ်မှ စတင်ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဝင် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာ ဦးစီးဌာနက ၂၀၂၂ ခုနှစ်မှ စတင်ကျင်းပခဲ့သည်ဖြစ်ရာ ယခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကျင်းပမည့် (၅) ကြိမ်မြောက်သို့ ရောက်ရှိခဲ့လေပြီ။

၂၀၂၂ ခုနှစ်၏ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ပေးခဲ့သည့်ဆောင်ပုဒ်မှာ “သက်ရွယ်စုံညီ ကမ္ဘာသစ်ဆီ မျိုးဆက်အားလုံး ပူးပေါင်းပါဝင်ကူညီ” “Intergene-rational Solidarity : Creating a word for All Ages” ဖြစ်ပါသည်။ ထိုဆောင်ပုဒ်နှင့်အညီ မျိုးဆက်သစ်များအားလုံး ပူးပေါင်းပါဝင်ပြီး လှပသောကမ္ဘာသစ်ဆီသို့ လူသားအားလုံး လျှောက်လှမ်းနိုင်ရန်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနက တတ်စွမ်းသမျှ ဆောင်ရွက်ခဲ့ပါသည်။

ဌာနခွဲလေးခု ကဏ္ဍ ၁၆ ရပ်

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဌာနခွဲ၊ လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်ရေးနှင့် အသိပညာပေးဌာနခွဲ၊ သတင်းပြန်ကြားရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာနခွဲ၊ မသန်စွမ်းလူငယ်ရေးရာဌာနခွဲဟူ၍ ဌာနခွဲလေးခုဖွဲ့စည်းပြီး လူငယ်မူဝါဒပါလူငယ်ဆိုင်ရာ ကဏ္ဍ ၁၆ ရပ်ကို အလေးပေး၍ လူငယ်ကဏ္ဍပေါင်းစုံကို မြှင့်တင်ပေးလျက်ရှိပါသည်။

ထို့အပြင် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (Senior Officials Meeting on Youth - SOMY)၊ အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများ အစည်းအဝေး (ASEAN Ministerial Meeting on Youth - AMMY)၏ တာဝန်ဝတ္တရားများကိုလည်း ဗဟိုချက်ဌာနအဖြစ် ၂၀၂၂ ခုနှစ် မတ်လမှစတင်၍ တာဝန်ယူဆောင်ရွက်လျက်ရှိရာ အာဆီယံလူငယ်ရေးရာ လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အာဆီယံလူငယ်ဆိုင်ရာ ရန်ပုံငွေကိုလည်း နှစ်စဉ်ထည့်ဝင်လျက်ရှိပါသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ၏ လမ်းညွှန်မှုများဖြင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး “လူငယ်အင်အား စွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ရောင် အလင်းဆောင်အံ့”ဟူသည့် လူငယ်ဆောင်ပုဒ်နှင့်အညီ မြန်မာ့လူငယ်များ စွမ်းဆောင်ရည်ပြည့်ဝပြီး နိုင်ငံတော်၏ဂုဏ်ကို ဆောင်နိုင်ရန်အတွက် လူငယ်အသိပညာပေးဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ၊ အားကစားသင်တန်းများ၊ လူငယ်ဖွံ့ဖြိုးရေးဆောင်ရွက်ချက်များ၊ လူငယ်ဖိုရမ်များ၊ အာဆီယံဆောင်ရွက်ချက်များ၊ မသန်စွမ်းလူငယ်ရေးရာ ဆောင်ရွက်ချက်များ၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့နှင့် လူငယ်လေ့လာရေးခရီးစဉ်များ စသည့်လူငယ်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ချက် ၂၄၂၆ ကြိမ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ဆောင်ပုဒ်မှာ “ကမ္ဘာကြီးရေရှည်တည်တံ့ဖို့ လူငယ်စွမ်းအားဖြင့် ဖန်တီးစို့” “Green Skill For Youth toward Sustainable word” ဖြစ်ပါသည်။ အနာဂတ် နိုင်ငံတော်၏ အကောင်းအဆိုးသည် ယနေ့လူငယ်များ၏ စွမ်းဆောင်ရည်၊ ကိုယ်ကျင့်တရား၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုတို့အပေါ် တည်မှီလျက်ရှိပါသည်။ တိုင်းပြည်၏ အခန်းကဏ္ဍ အားလုံးတွင် ပခုံးပြောင်းတာဝန်ထမ်းဆောင်ရမည့် လူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံ့သားကောင်းလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် စနစ်တကျ ပြုစုပျိုးထောင်ပေးရန် အရေးကြီးပါသည်။

ထိုကဲ့သို့ လူငယ်များ၏အခန်းကဏ္ဍ အရေးကြီးသည်ဖြစ်ရာ လူငယ်များဗလငါးတန်နှင့် ပြည့်စုံဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတော်၏ သားကောင်းရတနာများဖြစ်လာစေရန် ရည်ရွယ်ကျင်းပခဲ့သည့် လူငယ်ဆိုင်ရာသင်တန်းများ၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်အတူ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၁၉၂၉ ကြိမ် ကျင်းပနိုင်ခဲ့သည်မှာ လူငယ်ရေးရာဦးစီးဌာန၏ လူငယ်ဆိုင်ရာဆောင်ရွက်ချက် မှတ်တိုင်တစ်ခုပင်ဖြစ်ပါသည်။

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ဆောင်ပုဒ်မှာ “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လူငယ်များရဲ့ ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုဖြင့် ဖော်ဆောင်ပေး” “From Clicks to Progress: Youth Digital Pathways For Sustainable Development” ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လာစေရန်ရည်ရွယ်ပြီး မြန်မာနိုင်ငံတွင် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများကို ပိုမိုအားကောင်းလာစေရန်၊ အရည်အသွေး ပြည့်မီပြီး သိပ္ပံနှင့် နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်နိုင်ရန်၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းများ အားပေးမြှင့်တင်နိုင်ရန်အတွက် Polytechnic University ကျောင်း များကို ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ပေးလျက်ရှိပါသည်။

အခွင့်အရေးနှင့် တာဝန်များ

ထိုကျောင်းများမှတစ်ဆင့် အရည်အသွေးပြည့်မီသည့် နည်းပညာရှင်လူငယ်များ မွေးထုတ်ပေးနိုင်မည်ဖြစ်ပြီး နည်းပညာကျွမ်းကျင်သည့် လူငယ်များ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါ သည်။ လူငယ်ဖိုရမ်များ၊ လူငယ်လေ့လာရေးအစီအစဉ်နှင့် လူမှုအကျိုး ပြုလုပ်ငန်းအစီအစဉ်များ ကျင်းပပြုလုပ်ခြင်းအားဖြင့် လူငယ်များသည် မိမိနိုင်ငံနှင့် ယဉ်ကျေးမှုအပေါ် တန်ဖိုးထားချစ်မြတ်နိုးစိတ်များ တိုးပွားလာပြီး နိုင်ငံ့သားကောင်းတစ်ယောက်၏အခွင့်အရေးနှင့် တာဝန်များ ကို ပိုမိုသိရှိနားလည်လာစေမည်ဖြစ်ပါသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနက ထိုကဲ့သို့သော လူငယ်ကဏ္ဍ မြှင့်တင်ရေး ဆောင်ရွက်ချက်များကို အကြိမ်ပေါင်း ၁၃၅၀ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းကျင်းပနိုင်ခဲ့ပြီး လူငယ်များကိုယ်ရည်ကိုယ်သွေး မြင့်မား၍ ထက်မြက်လာစေရန်အတွက် စွမ်းစွမ်းတမံ ကူညီပံ့ပိုး ဆောင်ရွက်နိုင်ခဲ့သည်ဖြစ်ရာ လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာအကျိုးပြုနိုင်ခဲ့ပါသည်။

၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ဆောင်ပုဒ်မှာ “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ဆီ” “Local Youth Actions For The SDGs And Beyond” ဖြစ်ပါသည်။ လူငယ်စွမ်းအားများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်သို့ရောက်ရှိနေစေရန်အတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနက လူငယ်မြှင့်တင်ရေးလုပ်ငန်း များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် AI (Artificial intelligence) အပါအဝင် နည်းပညာနှင့်သက်ဆိုင်သည့် အသိပညာမျှဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

အနာဂတ်ကို အကောင်းဆုံးပုံဖော်နိုင်မည့် လူငယ်အခန်းကဏ္ဍများ

လူငယ်များအတွက် ခေါင်းဆောင်မှုဆိုင်ရာ အရည်အသွေးနှင့် နိုင်ငံသားကောင်းစိတ်ဓာတ်များ ပြုစုပျိုးထောင်ပေးနိုင်ရန်အတွက် ကိုယ်ကာယပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုရှိစေမည့် အစီအစဉ်များကိုလည်း တိုးမြှင့်စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော် အနာဂတ်ကို အကောင်းဆုံးပုံဖော်နိုင်မည့် လူငယ်အခန်းကဏ္ဍများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် လူငယ်ရေးရာဆွေးနွေးပွဲများ၊ လူငယ်အသိပညာပေးဟောပြောပွဲ စသည်များကို ၁၄၅၉ ကြိမ်တိုင်တိုင် ပါဝင်ကျင်းပနိုင်ခဲ့ပါသည်။

နိုင်ငံတော်အနေဖြင့် လူငယ်ကဏ္ဍမြှင့်တင်ရေးအတွက် လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၅ ရက် ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပခဲ့ပါသည်။ ထိုသို့ ကျင်းပသည်မှာ စွမ်းရည်ပြည့်ဝနှလုံးလှသည့် လူငယ်များမှတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးဆီသို့ လျှောက်လှမ်းနိုင်ရန်အတွက် -

ငြိမ်းချမ်းရေးနှင့် လူမှုအသိုက်အဝန်းတည်ငြိမ်ရေးတွင် အားလုံးပါဝင်သော လူငယ်များ၏ဆောင်ရွက်ချက်များ အရေးကြီးမှုကို ပေါ်လွင်စေရန်၊

-        ပတ်ဝန်းကျင်တစ်ရပ်တွင် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သောကိစ္စရပ်များ၊ စိတ်သဘောထားများနှင့်ပတ်သက်၍ ဆွေးနွေးအဖြေရှာရန်နှင့် လူငယ်များအတွက် အခွင့်အလမ်း များ ဖန်တီးပေးရန်၊

-        ငြိမ်းချမ်းသော အသိုက်အဝန်းများ အပြန်အလှန်ဆက်သွယ် ဆောင်ရွက်မှုကို အထောက်အပံ့ဖြစ်စေရန်နှင့် ရွေးကောက်ပွဲ လွန်ကာလ၌ လူငယ်များ၏ လက်တွေ့ကျသောအခန်းကဏ္ဍကို ဖော်ထုတ်ရန်၊

-        တွေ့ဆုံဆွေးနွေးခြင်း၊ ကြားဝင်ဖျန်ဖြေခြင်းနှင့် တာဝန်ယူမှုရှိသော ဆက်သွယ်ဆောင်ရွက်ခြင်းတို့တွင် လူငယ်များ၏ စွမ်းရည်များ ပိုမိုခိုင်မာလာစေရန်၊

-        ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့်အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး၊ လူမှုရေးလုပ်ငန်းဆိုင်ရာ အနာဂတ်စီမံချက်တစ်ရပ်ရေးဆွဲနိုင်ရေးအတွက် အထောက်အပံ့ဖြစ်စေမည့် လူငယ်များ၏အကြံပြုချက်များ ပေါ်ထွက်လာစေရန်၊

-        လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှ ပေါ်ထွက်လာသည့် အကြံပြုချက်များကိုစုစည်း၍ အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးအတွက် လူငယ်ငြိမ်းချမ်းရေးဆိုင်ရာ ကြေညာစာတမ်း တစ်ရပ် Youth Peace Declaration အား ရေးဆွဲတင်ပြရန် စသည့်အချက်များကို ရည်ရွယ်ကြောင်း သိရှိရသည်။

လူငယ်ဖိုရမ်တွင် လူငယ်များ၏အခန်းကဏ္ဍကို လူငယ်နှင့် ခေတ်မီတိုးတက်သော နိုင်ငံရေးအမြင်၊ မျိုးချစ်စိတ်ကို အခြေခံသော ပြည်ထောင်စုစိတ်ဓာတ်ခေါင်းစဉ်ဖြင့် ပညာရှင်များဆွေးနွေးခဲ့ကြသည့် ပညာဆိုသည်မှာ အမှားအမှန်ကို ခွဲခြားနိုင်ခြင်းပင် ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲက ကျောင်းသင်ပညာရေးသည် အတတ်ပညာကို ပေးစွမ်းနိုင်ပြီး စာဖတ်ခြင်းသည် အသိပညာများ ပေးစွမ်းနိုင်သည်ဟု ပြောကြားခဲ့ကြောင်း၊ အတန်းပညာအားနည်းပါက အတတ်ပညာမဲ့ မည်ဖြစ်သကဲ့သို့ အသိပညာမဲ့ပါကလည်း ညီညွတ်ရေးပျက်ပြားမည် ဖြစ်ကြောင်း၊ အတတ်ပညာသည် လူတော်ဖြစ်စေပြီး အသိပညာသည် လူကောင်းဖြစ်စေကြောင်း၊ အမေရိကန်သမ္မတ ရုစဗဲ့၏ အဆိုအရ လူငယ်များမပါရှိဘဲ အနာဂတ်ကိုတည်ဆောက်၍ မရနိုင်ကြောင်း၊ လူငယ်များ၏ ရည်ရွယ်ချက်ပျောက်ဆုံးပါက တိုင်းပြည်၏အနာဂတ်လည်း ပျောက်ဆုံးမည်ဖြစ်ပါကြောင်း၊ လူငယ်များသာမက လူကြီးများပါ လွတ်လပ်ခွင့်ကိုမြတ်နိုးပြီး ချုပ်ချယ်မှုကို မနှစ်သက်ကြကြောင်း၊ လွတ်လပ်ခွင့်တွင် အနုတ်လက္ခဏာဆောင်သော လွတ်လပ်ခွင့် (Negative Freedom) နှင့် အပြုသဘောဆောင်သော လွတ်လပ်ခွင့် (Positive Freedom) ဟူ၍ နှစ်မျိုးရှိပါကြောင်း၊ ဥပဒေမဲ့ လွတ်လပ်မှုမျိုးမှာ မည်သည့်အကျိုးကျေးဇူးမျှရရှိနိုင်မည်မဟုတ်ဘဲ မိမိကိုယ်မိမိ အမှန်တကယ် သိရှိနားလည်မှုမှတစ်ဆင့် ရရှိလာသော လွတ်လပ်ခွင့်မျိုးသည်သာ အနှစ်သာရရှိပါကြောင်းဆိုသည့် အချက်အလက်များကို တွေ့ရှိရပါသည်။

ထို့အပြင် လူငယ်များအနေဖြင့် မှန်ကန်သည့် နိုင်ငံရေးအသိအမြင် ရှိမှသာ နိုင်ငံချစ်စိတ်ရှိလာမည်ဖြစ်ပြီး နိုင်ငံနှင့်ပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်စေမည့်အပြုအမူများကို ရှောင်ရှားနိုင်မည်ဖြစ်ပါကြောင်း၊ မကျေနပ်ချက်များကို အကြမ်းမဖက်ဘဲ ဖြေရှင်းဆောင်ရွက် ခြင်းသည် နိုင်ငံရေးဖြစ်ပြီး အကြမ်းဖက်နည်းလမ်းကိုသုံးစွဲပါက အကြမ်းဖက်သမားသာ ဖြစ်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့်အစိုးရကို ခွဲခြားသိမြင်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်သည် ထာဝရဖြစ်ပြီး အစိုးရသည် ယာယီသဘောသာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်နှင့် အမျိုးသားအကျိုးစီးပွားကို အထိခိုက်ခံ၍ မရကြောင်း၊ နိုင်ငံတော်စည်းလုံးညီညွတ်မှသာ တစ်ဦးချင်းစီ၏ရှင်သန်မှုသည် အဓိပ္ပာယ်ရှိမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြား ဆွေးနွေးခဲ့ပါသည်။

ထို့နောက် အေဘရာဟမ်လင်ကွန်း(Abraham Lincoln) ပြောကြားခဲ့သည့် နိုင်ငံတစ်နိုင်ငံသည် တိုင်းတစ်ပါးကျူးကျော်မှု သိမ်းပိုက်လို့ နိုင်ငံပျောက်ကွယ်မသွားနိုင်ဘဲ ပြည်တွင်းစည်းလုံးမှု ပြိုကွဲရင်တော့ ပျောက်ကွယ်နိုင်သည်ဟု ဆိုခဲ့ကြောင်း၊ သီအိုဒိုရုစဗဲ့ (Theodore Roosevelt) ကလည်း မျိုးချစ်စိတ်ဆိုသည်မှာ နိုင်ငံတော်ဘက်က ရပ်တည်ပေးခြင်းဖြစ်ပြီး သမ္မတ (သို့) အစိုးရဘက်က ရပ်တည်ခြင်းမျိုး မဟုတ်ဟုဆိုခဲ့ကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏အဆိုအရ မည်သည့် နိုင်ငံတွင်မဆို လူမျိုးတစ်မျိုးတည်းသာရှိသည့်နိုင်ငံဟူ၍ မရှိပါကြောင်း၊ လူမျိုးဘာသာစကားနှင့် ကိုးကွယ်ယုံကြည်မှုတို့ထက် အတူတကွ ယှဉ်တွဲနေထိုင်ခြင်း Civic Nationalism သည်သာ အဓိက ဖြစ်ပါကြောင်း၊ နိုင်ငံသားတိုင်းသည် မိမိကိုယ်ကျိုးထက် နိုင်ငံအေးချမ်းသာယာရေးအတွက် ကြိုးစားရန်တာဝန်ရှိပြီး မိမိလူမျိုးကိုသာဗဟိုပြုခြင်း Ethnocentrism သည် နိုင်ငံ၏စည်းလုံးညီညွတ်ရေးကို ထိခိုက်စေနိုင်ကြောင်းစသည့် ဆွေးနွေးခဲ့ပုံများကို ၂၀၂၆ ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ပုံနှိပ်ပြီး အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC - National Solidarity and Peacemaking Negotiation Committee) မှ ထုတ်ဝေသည့် လူငယ်ငြိမ်းချမ်းရေး ဖိုရမ်၂၀၂၆ ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှုကို မြှင့်တင်ပေးဆိုသည့် စာအုပ်အား လေ့လာဖတ်ရှုသိရှိနိုင်ပါသည်။

နိုင်ငံတော်အစိုးရက လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်နိုင်ရန်အလို့ငှာ ယခင်ဖွဲ့စည်းထားသည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနကို နိုင်ငံ့သားကောင်းလူငယ်များ ပေါ်ထွန်းလာစေရန်နှင့် လူငယ်ရေးရာမူဝါဒနှင့်အညီ လူငယ်ဘက် စုံဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်ရည်ရွယ်ပြီး ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှစ၍ အားကစားရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာ ဝန်ကြီးဌာနဟု သီးခြားခွဲ၍ ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ပါသည်။

သို့ဖြစ်၍ ဝန်ကြီးဌာနတစ်ခုအဖြစ် ပြောင်းလဲတိုးတက်လာသည်နှင့်အညီ လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ယခင်ကထက် ပိုမိုဆောင်ရွက်နိုင်အောင် မူဝါဒများ၊ ရည်မှန်းချက်များကို စနစ်တကျ အကောင်အထည်ဖော်ကာ လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်လျက်ရှိပါသည်။ လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူငယ်လူရွယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် အသင်းအဖွဲ့များဖွဲ့စည်းခြင်း၊ ကင်းထောက်အဖွဲ့အစည်းများ ပြန်လည်အသက်သွင်းခြင်း၊ လူငယ်ပရဟိတအဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ အသင်းအလိုက် လှုပ်ရှားမှုများဆောင်ရွက်စေခြင်းနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း လူငယ်ဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်လျက်ရှိသည့်အတွက် ကျေးလက်ဒေသနေလူငယ်များသည်လည်း အသိပညာပိုမိုဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပါသည်။

ရင်းနှီးချစ်ခင်မှုနှင့် နားလည်ယုံကြည်မှု

ထို့နောက် မြန်မာလူငယ်များ အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ စာပေ၊ ဂီတ၊ အနုပညာ သုခုမများကို လေးစားတန်ဖိုးထားတတ်စေရန် ဆောင်ရွက်ခြင်းနှင့် ပြည်တွင်း/ပြည်ပ အနုပညာ၊ ယဉ်ကျေးမှု စသည့် နှီးနှောဖလှယ်ပွဲအစီအစဉ်များကို မြှင့်တင်ချိတ်ဆက်ဆောင်ရွက် လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ပေးခြင်းအားဖြင့် မတူညီသည့် ဒေသအသီးသီးမှ လူငယ်များ တွေ့ဆုံဆွေးနွေးခွင့် ရရှိသည့်အတွက် လူငယ်ထုအကြား ရင်းနှီးချစ်ခင်မှုနှင့် နားလည်ယုံကြည်မှု တည်ဆောက် ပေးနိုင်မည် ဖြစ်ပါသည်။

လူငယ်ရေးရာဝန်ကြီးဌာနသည် ယခု “(၅)ကြိမ်မြောက်”သို့ ရောက်လာပြီဖြစ်သော ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကိုကျင်းပနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်ပူးပေါင်းစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် “လူငယ်ကဏ္ဍကိုအားပေးမြှင့်တင်လို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ကြပါစို့” ခေါင်းစဉ်ဖြင့် လူငယ်အသိပညာပေးဆွေးနွေးပွဲ လူငယ်စကားဝိုင်းကို ထည့်သွင်း ကျင်းပသွားမည်ဖြစ်ပါသည်။ လူငယ်များအနေဖြင့် အကျိုးရှိရှိ လေ့လာနိုင်ရန်နှင့် လူငယ်များ၏တီထွင်ကြံဆ လုပ်ကိုင်နိုင်သည့် စွမ်းဆောင်မှုကို အားပေးမြှင့်တင်သည့်အနေဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတို့မှ စွန့်ဦးတီထွင်လူငယ်လုပ်ငန်းရှင်များ ကိုယ်တိုင် ထုတ်လုပ်ထားသည့် ဒေသထွက်ကုန်ထုတ်ပစ္စည်းများကို ပြသနိုင်ရန် MSME ပြခန်းများကိုလည်း ပြသသွားမည်ဖြစ်ပါသည်။ ထို့အပြင် ထူးချွန်လူငယ်များနှင့် ၂၄ - ၇ - ၂၀၂၆ ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည့် ကျောင်းပေါင်းစုံ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသူ ကျောင်းသား ကျောင်းသူများကိုလည်း ဆုများ ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရက လူငယ်များ၏ တိုးတက်ရန်လမ်းကြောင်းအတွက် လိုအပ်ချက်၊ အားနည်းချက်များကို ဖြည့်ဆည်းဆောင်ရွက် ထောက်ပံ့ကူညီပေးနိုင်ရန် စီစဉ်ပေးလျက်ရှိရာ လူငယ်များနှင့် သက်ဆိုင်သည့် အခန်းကဏ္ဍအသီးသီးကို ကောင်းမွန်စွာ ပံ့ပိုးပေးရန် အလို့ငှာ လူငယ်ရေးရာဝန်ကြီးဌာနဟူ၍ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်နှင့်အညီ လူငယ်ရေးရာဝန်ကြီးဌာနသည် တတ်စွမ်းသမျှဖြင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ကြောင့် လူငယ်ရေးရာဝန်ကြီးဌာနသည် လူငယ်များအတွက် ယခင်ကထက် အခွင့်အလမ်းများ ပွင့်လန်းရာနယ်မြေဖြစ်လာခဲ့ချေပြီ။ ထို့အပြင် အောင်မြင်မှုပန်းတိုင်များစွာသို့ လူငယ်များ ရောက်ရှိစေရန် ပံ့ပိုးကူညီပေးသည့် သမိုင်းမော်ကွန်းရေးထိုးပေးနိုင်မည့် ဝန်ကြီးဌာနတစ်ခု အဖြစ် မားမားမတ်မတ်ရပ်တည်လျက်ရှိပါသည်။

ဆက်လက်၍ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် လူငယ်များကို စိတ်ပါဝင်စားစွာ အားကြိုးမာန်တက် ပါဝင်ပူးပေါင်းလာ စေရန်ကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရုံးက ချမှတ်ပေးထားသည့် “နောက်ခံမတူငြား ရည်မှန်းတူထား လူငယ်အား” “Different Contexts, Common Aspirations” ဆိုသည့် လူငယ်ဆောင်ပုဒ်နှင့်အတူ လူငယ်ရေးရာ ဝန်ကြီးဌာနမှ ကျင်းပမည့် (၅)ကြိမ်မြောက် “အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့”ကို ကြိုဆိုဂုဏ်ပြုရေးသားတင်ပြလိုက်ရပါတော့သည်။ ။

ကိုးကား - လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ စာအုပ် လူငယ်ရေးရာဝန်ကြီးဌာန၊ လစဉ်အစီရင်ခံစာ