ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း ကျုံပျော်မြို့နယ်၌ တောင်သူများနှင့်တွေ့ဆုံ


ကျုံပျော် ဩဂုတ် ၈

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းနှင့် တာဝန်ရှိသူများသည် ဩဂုတ် ၇ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ကျောင်းစုကျေးရွာ တောင်သူဦးဝင်းအောင်၏ လယ်မြေ ၁၀ ဧကတွင် စိုက်ပျိုးထားသည့် စပါးမျိုး ၁၀ မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် အောင်မြင်ဖြစ်ထွန်းမှုနှင့် မှော်ဘီ-၃ စပါး မျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုတို့ကို ကြည့်ရှု၍ တောင်သူများနှင့် တွေ့ဆုံပွဲပြုလုပ်သည်။

 

ပြန်လည်ဖြေကြား

 

တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက ဓာတ်မြေသြဇာလျှော့ချသုံးစွဲ၍ သဘာဝမြေသြဇာများ ရောစပ်အသုံးပြုကြရန်၊ ပေါင်းသတ်ဆေးများ လျှော့ချအသုံးပြု၍ နွေထယ်ရေးခံကြရန်၊ ရွှေခရု ကာကွယ်နှိမ်နင်းနည်းများနှင့် ကြွက်များအား ကာကွယ်နှိမ်နင်းကြရန်၊ Rice Export Zone များ ဆောင်ရွက်ကြရန် ပြောကြားပြီး တောင်သူများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
တွေ့ဆုံပွဲသို့ ကျုံပျော်ခရိုင် မြေစာရင်းဦးစီးမှူး ဦးမင်းနောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင်နှင့် အဖွဲ့ဝင်များ၊ စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ တောင်သူများ စုစုပေါင်းအင်အား ၂၁၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)