ဘာလင် ဩဂုတ် ၈
ဂျာမနီနိုင်ငံသည် ပြင်းထန်သော မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားနေရပြီး တောင်သူလယ်သမားများက ၎င်းတို့၏ သီးနှံများအပေါ် သက်ရောက်မှုများဖြစ်ပေါ်မည်ကို စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။
ဂျာမနီမိုးလေဝသဌာန၏ အဆိုအရ ဇူလိုင်လအတွင်း ရွာသွန်းခဲ့သော မိုးရေချိန်သည် ၂၀၂၀ ပြည့်နှစ်အထိ တွက်ချက်ထားသည့် နှစ်ပေါင်း ၃၀ ပျမ်းမျှမိုးရေချိန်ထက် ၅၀ ရာခိုင်နှုန်းခန့် လျော့နည်းခဲ့သည်။
တောင်ပိုင်းပြည်နယ် တစ်ခုဖြစ်သည့် ဘာဗေးရီးယားရှိ တောင်သူလယ်သမားအသင်း တစ်ခုက ပြောင်းသီးနှံများ ထိခိုက်မှုရှိနေကြောင်း ပြောကြားခဲ့သည်။ တောင်သူလယ်သမား အများအပြားသည် ပုံမှန်ရရှိလေ့ရှိသည့် ပမာဏ၏ တစ်ဝက်အောက်သာ ရိတ်သိမ်းနိုင်တော့မည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
လွန်ခဲ့သည့် နှစ်လတာကာလအတွင်း မိုးရွာသွန်းမှု လုံးဝနီးပါးမရှိခဲ့သဖြင့် ရာသီဥတုအခြေအနေမှာ ပိုမိုဆိုးရွားပြင်းထန်လာကြောင်း တောင်သူလယ်သမားတစ်ဦးက ပြောကြားခဲ့သည်။
အနောက်ဂျာမနီရှိ ရိုင်းမြစ် ရေလျော့နည်းခန်းခြောက်လျက်ရှိသည်။ မြစ်အလယ်ပိုင်းအပိုင်း တစ်ခု၌ ရေအဆင့်သည် ၁၇ စင်တီ မီတာအထိ ကျဆင်းသွားခဲ့ပြီး အဆိုပါအဆင့်သည် မှတ်တမ်းတင်ထားသမျှတွင် အနိမ့်ဆုံးအဆင့်ဖြစ်သည်။
မိုးခေါင်ရေရှားမှုကြောင့် ရေကြောင်းသယ်ယူပို့ဆောင်ရေးကိုလည်း ထိခိုက်မှုများ ဖြစ်ပေါ်စေလျက်ရှိသည်။
ရိုင်းမြစ်တစ်လျှောက် တည်ရှိသော ကုမ္ပဏီများသည် သယ်ယူပို့ဆောင်စရိတ် မြင့်တက်လာခြင်းနှင့် ကုန်ကြမ်းပစ္စည်းများ ရယူရာတွင် အခက်အခဲရှိခြင်းတို့အတွက် စိုးရိမ်ပူပန်နေကြကြောင်း မီဒီယာများက ဖော်ပြကြသည်။
ဂျာမနီအစိုးရအနေဖြင့် ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းများကို စဉ်းစားလျက်ရှိသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


