မုံရွာ ဩဂုတ် ၈
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့ သစ်ရာမြိုင်ရပ်ကွက်၌ ရေဝင်ရောက်သဖြင့် ယာယီနေအိမ်စွန့်ခွာ ပြည်သူများအတွက် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနက ထောက်ပံ့သည့် ငွေကျပ် ၁၅၆၅၀၀၀ ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်သည်။
ယမန်နေ့ နံနက်ပိုင်းတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကန့်ဘလူခရိုင် ကျွန်းလှမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ရေဝင်ရောက်မှု အခြေအနေများကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးနှင့် တိုင်းဒေသကြီးဝန်ကြီးများက လိုက်လံကြည့်ရှုကြပြီး ရေများဝင်ရောက်နေသည့် သစ်ရာမြိုင်ရပ်ကွက်ရှိ ယာယီနေအိမ်စွန့်ခွာ ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ပြည်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ကျွန်းလှမြို့ပေါ်ရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ ရပ်ကွက်များအတွင်း ရောက်ရှိနေသည့် မိုးရေများအား ရေစီးဆင်းမှု ကောင်းမွန်စေရန်အတွက် ရပ်ကွက်နေပြည်သူများ အတူတကွ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့ပြင် အစိုးရ စက်မှု၊ လက်မှုသိပ္ပံ (ကန့်ဘလူ) ၌ ကျောင်းသား ကျောင်းသူများ သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှု အခြေအနေနှင့် သင်တန်းခန်းမအတွင်း သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကျောင်းဆောင်ကြံ့ခိုင်မှုနှင့် စာကြည့်တိုက်တို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


