မုံရွာ ဩဂုတ် ၆
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက်ပိုင်းက မုံရွာမြို့ လွှတ်တော်အဆောက်အအုံ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဘုတလင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးအောင်မင်းကျော်သူက “နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် မိမိတို့အသက်ကို ပဓာနမထားဘဲ နယ်မြေဒေသလုံခြုံတည်ငြိမ် အေးချမ်းရေးတာဝန်များကို ထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းလုံခြုံ ရေးတပ်ဖွဲ့ဝင်များကို အပြည့်အဝ ထောက်ခံကြောင်း” အရေးကြီးအဆိုတင်သွင်းရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးက ထောက်ခံဆွေးနွေးသည်။
အဆိုပါအရေးကြီးအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာသည်။
ထို့ပြင် ကြယ်ပွင့်ပြထားသည့် မေးခွန်းရှစ်ခုကို လွှတ်တော်ကိုယ်စားလှယ်ခုနစ်ဦးက မေးမြန်းကြရာ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် ဝန်ကြီးများက ဖြေကြားပေးသည်။
ဆက်လက်၍ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ (Myanmar Parliamentary Union-MPU) ဖွဲ့စည်းခြင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌအား အဖွဲ့ဝင်အဖြစ် ထည့်သွင်း ဖွဲ့စည်းခြင်းကို လွှတ်တော်သို့ တင်ပြမှတ်တမ်းတင်ကြောင်းနှင့် ရွှေဘိုမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အမှတ်(၁) Dr.သောင်းနိုင်အား ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်တာဝန်ပေးခြင်းကို လွှတ်တော်က သဘောတူသည့်အတွက် လွှတ်တော်မှ ဝမ်းမြောက် ဂုဏ်ယူမှတ်တမ်းတင်ကြောင်း ကြေညာသည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ရပ်နားကြောင်းနှင့် အစည်းအဝေး ဒုတိယ နေ့ကို ဩဂုတ် ၇ ရက် နံနက် ၁၀ နာရီတွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


