လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများကြီးကြပ်ရေးကောင်စီအစည်းအဝေး(၁/၂၀၂၆) ကျင်းပ

နေပြည်တော် ဩဂုတ် ၆

 

လူမွဲခံယူခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို ဥပဒေနှင့်အညီ ထိရောက်စွာ စီမံခန့်ခွဲရာတွင် လူမွဲခံယူခြင်း ဆိုင်ရာကျွမ်းကျင်သူများသည် အဓိကကျပါကြောင်း၊ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများအနေဖြင့် အရည်အသွေးပြည့်ဝစွာ အများပြည်သူသို့ ဝန်ဆောင်မှုပေးနိုင်ရန်၊ ကျင့်ဝတ်လိုက်နာမှု အားကောင်းစေရန်အတွက် ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဥပဒေ၊ နည်းဥပဒေများ ပိုမိုသိရှိနားလည်စေ‌ရေး ဆောင်ရွက်မှုများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီဥက္ကဋ္ဌက‌ ပြောကြားသည်။

 

ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ပတ္တမြားခန်းမ၌ ကျင်းပသည့် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီအစည်းအဝေး(၁/၂၀၂၆)တွင် ကောင်စီဥက္ကဋ္ဌ ဒေါ်နိုင်သက်ဦးက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ဆက်လက်၍ လူမွဲခံယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ဥပဒေနှင့်အညီ ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်နှင့် ရှေ့ကာလများတွင် ဥပဒေ၏ ရည်ရွယ်ချက်ဖြစ်သည့် “အလားအလာကောင်းသည့် စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် နိုင်ငံအတွင်းရှိ မိုက်ခရိုအသေးစားနှင့် အလတ်စားလုပ်ငန်းများ ငွေကြေးအခက်အခဲ ကြုံတွေ့ရသည့်အခါ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အထောက်အကူများပေးခြင်း၊ လုပ်ငန်းများ ပြန်လည်ရှင်သန်ပြီး အလုပ်အကိုင်များ တည်မြဲစေခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးရန်” နှင့်အညီ ပြန်လည်ထူထောင်ရေးဘက်ကို ဦးတည်သည့်လမ်းကြောင်းများ ဖွံ့ဖြိုးအောင်မြင်စေရေး အတွက် ကောင်စီအနေဖြင့် ဆောင်ရွက်သင့်သည်များ၊ လုပ်ဆောင်နိုင်သည့်နည်းလမ်းများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

 

ထို့နောက် ကောင်စီဝင်များနှင့် တက်ရောက်လာသူများက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ အမှုဆောင်ကော်မတီ၊ မှတ်ပုံတင်လက်မှတ် ထုတ်ပေးရေးကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေးကော်မတီများ ပြင်ဆင်ဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများအသင်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ အတည်ပြုမှတ်တမ်းတင်ရန်ကိစ္စရပ်များနှင့် လူမွဲခံယူခြင်း ဆိုင်ရာ ကျွမ်းကျင်သူများ၏ အရည်အသွေး တိုးတက်စေရေးနှင့် ဆောင်ရွက်လိုက်နာမှု ပိုမို အားကောင်းစေရေးကိစ္စရပ်များကို ဆွေးနွေးကြပြီး ကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ တရားလွှတ်တော်‌ရှေ့နေများ ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုတရားစီရင် ရေးကြီးကြပ်မှုရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများအသင်းမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်