ထိုင်းနိုင်ငံ၌ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် အား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် က ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဩဂုတ် - ၆

 

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ၌ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို ပြီး တွေ့ဆုံဆွေးနွေးကြသည်။

 

ဂုဏ်ပြုကြိုဆို

 

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လိုက်ပါလာသည့် အထူးယာဉ်တန်းသည် အစိုးရအိမ်တော်အဆောက်အဦရှေ့ မြက်ခင်းပြင်သို့ ရောက်ရှိလာရာ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် က လှိုက်လှဲ နွေးထွေးစွာကြိုဆိုနှုတ်ဆက်သည်။

 

ယင်းနောက် နှစ်နိုင်ငံအကြီးအကဲနှစ်ဦးသည် အလေးပြုခံစင်မြင့်ထက်တွင် နေရာယူကြပြီး ထိုင်းဘုရင့်တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများဖြင့် တီးမှုတ်ဂုဏ်ပြု အလေးပြုခြင်းကို ခံယူကြသည်။

 

ထို့နောက် နှစ်နိုင်ငံအကြီးအကဲနှစ်ဦးသည် ဂုဏ်ပြုတပ်ဖွဲ့အလံအား အလေးပြု၍ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးပြီး နှစ်နိုင်ငံကိုယ်စားလှယ် အရာရှိကြီးများနှင့် အပြန်အလှန် မိတ်ဆက် ပေးကြသည်။

 

ဆက်လက်၍ နှစ်နိုင်ငံအကြီးအကဲနှစ်ဦးသည် အစိုးရအိမ်တော်ခန်းမ၌ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတသည် ထိုင်းဘုရင်မင်းမြတ်၏ မယ်တော်မိဖုရားကြီး Queen Sirikit ၏ တော်ဝင်ပုံတူပန်းချီကားအား အရိုအသေပြုပြီး ထိုင်းနိုင်ငံ၊ အစိုးရအိမ်တော် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး ဦးဇော်ဇော်စိုး၊ နှစ်နိုင်ငံတာဝန်ရှိသူများနှင့်အတူ အစိုးရအိမ်တော် ဧည့်ခန်းမ၌ သီးသန့် တွေ့ဆုံ ဆွေးနွေးသည်။

 

တွေ့ဆုံဆွေးနွေး

 

ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်လျက်ရှိမှု၊ အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ၊ တရားမဝင်နယ်စပ် ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူနှင့်မြစ်ရေ ညစ်ညမ်းမှုဆိုင်ရာ၊ စွမ်းအင်ကဏ္ဍတို့တွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ပတ်သက်၍ အပြုသဘောဆောင်ပြီး အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် ထိန်းသိမ်းသွားမည်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံချင်းစီနှင့် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး ပိုမိုထိတွေ့ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင် ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်