မြန်မာအသင်းယှဉ်ပြိုင်နေသည့် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုပွဲများ ဆက်လက်ကျင်းပ

ရန်ကုန်   ဩဂုတ်   ၆

(၃၉) ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုတတိယနေ့ကို သြဂုတ် ၆ ရက်က ထိုင်းနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာပိုက်ကျော်ခြင်းအသင်း အုပ်စုပွဲများ ဆက်လက်ယှဉ်ပြိုင် သည်။     

ပြိုင်ပွဲ တတိယနေ့တွင် မြန်မာပိုက်ကျော်ခြင်းအသင်းသည် အုပ်စုသုံးပွဲ ယှဉ်ပြိုင်ကစားပြီး တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ခဲ့သည်။ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းသည် ပါကစ္စတန်အသင်းကို ၁၅-၂ မှတ်၊ ၁၅-၆ မှတ် ဖြင့်  နှစ်ပွဲပြတ်အနိုင်ရခဲ့သည်။   အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲတွင် မြန်မာအသင်းသည် ဖိလစ်ပိုင်အသင်းကို ၂-၁ ပွဲဖြင့် အရေးနိမ့်ပြီး ပထမပွဲငယ်တွင် ၁၅-၂ မှတ်ဖြင့် အနိုင်ရသော်လည်း ဒုတိယပွဲငယ်တွင် ၁၅-၈ မှတ်၊ တတိယပွဲငယ်တွင် ၁၅-၈ မှတ်ဖြင့် ပြန်လည်ရှုံးနိမ့်သည်။ အမျိုးသမီးလေးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းသည် တောင်ကိုရီးယားအသင်းကို ၂-၁ ပွဲဖြင့် အရေးနိမ့်ခဲ့ပြီး ပထမပွဲငယ်တွင် ၁၇-၁၆ မှတ်ဖြင့် အရေးနိမ့်သော်လည်း ဒုတိယပွဲငယ်တွင် ၁၅-၆ မှတ်ဖြင့် အနိုင်ရသဖြင့် တတိယပွဲငယ်မှာ အဆုံးအဖြတ်ဖြစ်လာသည်။ တတိယပွဲငယ်တွင် တောင်ကိုရီးယားအသင်းက ၁၇-၁၆ မှတ်ဖြင့် အနိုင်ရသဖြင့် မြန်မာအသင်း ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲစတုတ္ထနေ့ကို သြဂုတ် ၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-TSF