မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေကို ကြည့်မည်ဆိုပါက စာတတ်မြောက်မှုနှုန်း မြင့်မားသော်လည်း ပြည်သူလူထု၏ ကျောင်းနေရာခိုင်နှုန်းနည်းပါးနေသည်ကို တွေ့ရသည်။ ပညာအဆင့်အတန်းနိမ့်ကျနေသည်ကို ပြသလျက်ရှိသည်။ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်အရွယ် လူငယ်ငါးဦးတွင် သုံးဦးသာ ကျောင်းတက်နေပြီး အသက် ၂၀ အရွယ် ခြောက်ဦးတွင် တစ်ဦးသာ ပညာဆက်လက်သင်ကြားနေသည်ကို တွေ့ရသည်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် သုံးဆင့်တွင် ကျောင်းနေရာခိုင်နှုန်း တဖြည်းဖြည်းလျော့ကျလာသဖြင့် ပညာရေးကဏ္ဍ နိမ့်ကျနေဆဲဖြစ်သည်။
အသက် ၂၅ နှစ်နှင့်အထက် လူဦးရေ၏ အတန်းပညာအဆင့်အခြေအနေကို ကြည့်လျှင် အတန်းမရှိသူနှင့် မူလတန်းအဆင့်ပြီးမြောက်မှု ၄၉ ရာခိုင်နှုန်း၊ အလယ်တန်းအဆင့်ပြီးမြောက်မှု ၂၃ ဒသမ ၈ ရာခိုင်နှုန်း၊ အထက်တန်းအဆင့်ပြီးမြောက်မှု ၁၄ ရာခိုင်နှုန်းနှင့် ဘွဲ့ရပြီးသူ ၁၁ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိသည်ကိုတွေ့ရသဖြင့် မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေကို သိနိုင်သည်။ ရှေးကာလကကောက်ယူခဲ့သော သန်းခေါင်စာရင်း အချက်အလက်များကို ကြည့်လျှင်လည်း ၁၉၇၃ ခုနှစ်တွင် အတန်းမရှိသူနှင့် မူလတန်းအဆင့်သာပြီးမြောက်သူ ၉၀ ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ်တွင် ၈၄ ရာခိုင်နှုန်းနှင့် ၂၀၁၄ ခုနှစ်တွင် ၆၁ ရာခိုင်နှုန်းရှိသည့်အတွက် မြန်မာနိုင်ငံရှိလူဦးရေ အများစုသည် မူလတန်းအဆင့်သာပြီးမြောက်သည်ကို တွေ့ရသည်။ သာမန်အားဖြင့် မသိသာနိုင်သော်လည်း ကိန်းဂဏန်းအချက်အလက်များအရ ပညာရေးကဏ္ဍအခြေအနေကို တွေ့နိုင်သည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရက နိုင်ငံတော်၏ပညာရေးကဏ္ဍ ခေတ်အဆက်ဆက် နိမ့်ကျနေမှုကို မြှင့်တင်နိုင်ရေးအတွက် KG+9 အထိ မသင်မနေရပညာရေးစနစ်ကို ပြောင်းလဲသတ်မှတ်ခဲ့သည်။ နိုင်ငံတော်၏ပညာရေးကဏ္ဍ တိုးတက်လာစေရန်အတွက် နိုင်ငံတော်ဘဏ္ဍာငွေကို ပညာရေးကဏ္ဍတွင် ပိုမိုတိုးမြှင့်ရင်းနှီးမြှုပ်နှံခဲ့သည်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘဏ္ဍာငွေ ၆ ဒသမ ၉၂ ရာခိုင်နှုန်း အသုံးပြုသွားမည်ဖြစ်သကဲ့သို့ အခြားဝန်ကြီးဌာနများ၏ ပညာရေးကဏ္ဍများအပါအဝင် နိုင်ငံတော်ဘဏ္ဍာငွေ ၉ ဒသမ ၂၂ ရာခိုင်နှုန်း အသုံးပြုသွားမည်ဟု သိရသည်။ လာမည့်ဘဏ္ဍာနှစ် ၂၀၂၇-၂၀၂၈ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘဏ္ဍာငွေ ၁၀ ရာခိုင်နှုန်းထက်မနည်း တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ပြီး ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာငွေ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုသွားရန် စီမံဆောင်ရွက်လျက်ရှိသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းအဆင့်တွင် ၄ ဒသမ ၉ သန်းကျော်၊ အလယ်တန်းအဆင့်တွင် နှစ်သန်းကျော်၊ အထက်တန်းအဆင့်တွင် ခြောက်သိန်းကျော်ဖြင့် စုစုပေါင်း ၇ ဒသမ ၅ သန်းကျော် တက်ရောက်ပညာသင်ကြားလျက်ရှိသည်။ ပြီးခဲ့သည့် ၁၀ နှစ် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ၉ ဒသမ ၄ သန်း တက်ရောက်ပညာသင်ကြားခဲ့သည်ကို တွေ့ရသဖြင့် ကျောင်းနေသူရာခိုင်နှုန်း လျော့နည်းနေသည်ကိုတွေ့ရသည်။ ထို့ကြောင့် ကျောင်းနေအရွယ်ကလေးငယ်တိုင်း ကျောင်းနေနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ပညာရေးအားနည်းသည့် ဒေသများအတွက် အထူးစီမံချက်များချမှတ်ပြီး KG+9 အထိ ပညာသင်ကြားနိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ်သကဲ့သို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကိုလည်း ၉၂ ကျောင်းအထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
စိုက်ပျိုးမွေးမြူရေး သိပ္ပံကျောင်းများမှတစ်ဆင့် သင့်တော်သည့်သိပ္ပံကျောင်းများကို တက္ကသိုလ်/ ကောလိပ် အဆင့်မြှင့်တင်ခြင်းနှင့် ပိုလီတက္ကနစ်သိပ္ပံများနှင့် တက္ကသိုလ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေးကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ပညာရေးကဏ္ဍတွင် အခြေခံပညာကျောင်းပေါင်း ၅၀၉၆၂ ကျောင်းရှိသည့်အနက် ၃၅၅၃၉ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး တက္ကသိုလ် ၅၀ အနက် ၄၈ ခု ဖွင့်လှစ်နိုင်ခဲ့သည်။ အခြေခံပညာအဆင့်တွင် ဆရာ ဆရာမ သုံးသိန်းကျော်နှင့် အဆင့်မြင့်ပညာအဆင့်တွင် တစ်သောင်းကျော် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ဆရာ ဆရာမ အဆင့်မြှင့်တင်ရေးကိုလည်း အဆင့်ဆင့်ဆောင်ရွက်ပေးထားသည်။ ပညာရေးပြုပြင်ပြောင်းလဲမှုတွင် စာမေးပွဲအောင်ရုံမျှသာမဟုတ်ဘဲ အမှန်တကယ်နားလည်တတ်မြောက်သည့်၊ ဘက်စုံထူးချွန်ထက်မြက်သည့် ကလေးများဖြစ်အောင် ပြုစုပျိုးထောင်ပေးရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံ၌ ခေတ်အဆက်ဆက် ပညာရေးအားနည်းမှုများရှိခဲ့ပြီး နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် ဖော်ပြပါအတိုင်း ပညာရေးကို အဆင့်မြှင့်တင်ပေးလျက်ရှိသည်။ နိုင်ငံတည်ဆောက်ရာတွင် အဓိကမောင်းနှင်အားဖြစ်သည့် အရေးပါဆုံးလူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ပညာရေးကို ခိုင်မာအောင်တည်ဆောက်ပေးရမည်ဖြစ်ပါကြောင်း။ ။


