ဘက်စုံဖွံ့ဖြိုးတိုးတက်သော လူငယ်များဖြစ်လာစေရေး ကရင်ပြည်နယ်အတွင်း အားကစားနည်းသင်တန်းများ ဖွင့်လှစ်

ဘားအံ   ဩဂုတ်   ၆

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်သောလူငယ်များဖြစ်လာစေရေး လူငယ်ရေးရာဆိုင်ရာ ကဏ္ဍ(၁၆)ရပ်ကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အားကစားကဏ္ဍ၌ သက်ဆိုင်ရာဌာနများ ပူးပေါင်း၍  ကရင်ပြည်နယ်အတွင်း အားကစားနည်းသင်တန်းများ ဖွင့်လှစ်လျက်ရှိသည်။

ထိုသို့ ဖွင့်လှစ်လျက်ရှိရာ ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီ၏ ကြီးကြပ်မှုဖြင့် ကရင်ပြည်နယ် စားပွဲတင်တင်းနစ်ဆပ်ကော်မတီနှင့် ဘားအံတက္ကသိုလ်တို့ပူးပေါင်း၍  စားပွဲတင်တင်းနစ် အားကစားနည်းသင်တန်းကို ဇူလိုင် ၁၅ ရက်မှ ဩဂုတ် ၅ ရက်အထိ ကျောင်းဆင်းချိန်  ညနေ  ၃  နာရီခွဲမှ   ၅   နာရီခွဲထိ စာသင်ချိန်မထိခိုက်စေဘဲ ဖွင့်လှစ်ပြီး ဘားအံတက္ကသိုလ်ဘာသာရပ်ပေါင်းစုံမှ သင်တန်းသား ၃၀၊ သင်တန်းသူ ခြောက်ဦး စုစုပေါင်း ၃၆ ဦး တက်ရောက်ကြသည်။

အဆိုပါ သင်တန်းဆင်းပွဲကို ဘားအံတက္ကသိုလ် ကရင်ပြည်နယ်လူငယ်စင်တာ၌  ကျင်းပရာ  ကရင်ပြည်နယ်ခေတ္တဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီး စိုးမိုးဝင်းနှင့် ပြည်နယ်ဝန်ကြီးများ၊ လူငယ်ရေးရာကော်မတီဝင်များ၊ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်နှင့်  တာဝန်ရှိသူများ သည် ဘားအံတက္ကသိုလ်ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲ အမျိုးသားနှစ်ယောက်တွဲ   ဗိုလ်လုပွဲစဉ်ကို ကြည့်ရှုအားပေးသည်။

ထို့ပြင် ခေတ္တပြည်နယ်ဝန်ကြီးချုပ်က ဘားအံတက္ကသိုလ်အတွက် အားကစားပစ္စည်းနှင့် အားကစားဝတ်စုံများပေးအပ်ချီးမြှင့်၍ ဘားအံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲ တစ်ဦးချင်းပြိုင်ပွဲနှင့် နှစ်ယောက်တွဲပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။    

စောမျိုးမင်းသိန်း(ပြန်/ဆက်)