ဩဂုတ် ၆
တောင်ကိုရီးယားနိုင်ငံတွင် အပူလွန်ကဲမှုကြောင့် ဩဂုတ် ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် ကျင်းပရန် စီစဉ်ထားသော ပရော်ဖက်ရှင်နယ်ဘေ့စ်ဘောပွဲစဉ် ၁၀ ပွဲ ဖျက်သိမ်းလိုက်ရကြောင်း ဖော်ပြထားသည်။
နိုင်ငံ၏ အရှေ့တောင်ပိုင်းတွင် စံချိန်တင် အပူချိန် ၄၂ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ကြောင်းနှင့် မေလ ၁၅ ရက်မှ သြဂုတ်လ ၄ ရက်အတွင်း အပူရှပ်လူနာ ၂၄၄၁ ဦး ရှိပြီး ၂၁ ဦး သေဆုံးကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီက ပြောကြားခဲ့သည်။
ဆိုးလ်မြို့အနီးရှိ အင်ချွန်းမြို့၌ ဩဂုတ်လ ၄ ရက်နေ့ကကျင်းပခဲ့သည့် ဘေ့စ်ဘောပွဲအတွင်း ပရိသတ် ဒါဇင်နှင့်ချီ၍ အပူဒဏ်ကြောင့်ဖြစ်ပေါ်သည့် ကျန်းမာရေးလက္ခဏာများ ခံစားခဲ့ရကြောင်း တိုင်ကြားခဲ့သည်ဟု မီဒီယာများ၏ ဖော်ပြချက်အရသိရသည်။
ကိုရီးယား ဘေ့စ်ဘောအဖွဲ့ချုပ် (KBO) သည် အပူချိန်လွန်ကဲမြင့်မားနေမှုကို တုံ့ပြန်ဆောင်ရွက်ရန် ဩဂုတ် ၆ ရက်နေ့တွင် အရေးပေါ်အစည်းအဝေး ကျင်းပမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုအစည်းအဝေးသို့ အသင်းအသီးသီး၏ အထွေထွေမန်နေဂျာနှင့် ကစားသမားများအသင်းမှ ကိုယ်စားလှယ်များလည်း တက်ရောက်မည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


