စီးပွားရေးအခွင့်အလမ်းများသည့် ပန်း စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရေး

ဒေါက်တာ မောင်အောင်

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် ကုန်းမြေတစ်ဆက်တည်းဖြစ်ပြီး စိုက်ပျိုးမှုနှုန်းမှာလည်း အခြားအာရှနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အနည်းဆုံး ၂၀ ရာခိုင်နှုန်းခန့်ဖြစ်သောကြောင့် လယ်ယာလုပ်ငန်းတိုးချဲ့နိုင်မှု အလားအလာအကောင်းဆုံး ဖြစ်ပါသည်။

ထို့ပြင် ယခုအခါ ကမ္ဘာ့ဈေးကွက် လယ်ယာအခြေခံထုတ်ကုန်များ၏ ဝယ်လိုအားနှင့် ဈေးနှုန်း အမြင့်ဈေးရှိပြီး တိုးတက်မှုနှုန်း မြင့်မားသည့် လယ်ယာထွက်ကုန်များကို တိုးချဲ့စိုက်ပျိုးနိုင်လျှင် လယ်ယာထုတ်ကုန်တန်ဖိုး သိသိသာသာ တိုးတက်လာနိုင်ပါသည်။ ဆိုလိုသည်မှာ လက်ရှိထုတ်လုပ် တင်ပို့နေသည့် သီးနှံများသာမက ကမ္ဘာ့ဈေးကွက် ဝယ်လိုအားနှင့် ဈေးနှုန်းမြင့်ပြီး တိုးတက်မှုအလား အလာကောင်းသော လယ်ယာထွက်ကုန်များကိုသာ စီးပွားဖြစ် ပိုမိုတိုးချဲ့ထုတ်လုပ်တင်ပို့မည်ဆိုလျှင် စိုက်ပျိုးသူ၊ ထပ်ဆင့်ပြုပြင်သူများ၊ ကုန်သွယ်သူများနှင့် နိုင်ငံအတွက်ပါအကျိုးများမည်ဖြစ်သည်။ ထို့အတွက် လယ်ယာထုတ်ကုန်များအနက် ဈေးနှုန်းမြင့်ပြီး ဝယ်လိုအားကောင်းသည့် ပန်းထုတ်ကုန်ကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်တင်ပို့နိုင်ရန် လေ့လာသုံးသပ်ဖော်ပြထားပါသည်။

ကမ္ဘာ့ပန်းဈေးကွက်အခြေအနေနှင့်အလားအလာ

ပန်းအမျိုးမျိုးကို နိုင်ငံတိုင်း စိုက်ပျိုးကြသော်လည်း အများဆုံးစိုက်ပျိုးသည့် ၃၁ နိုင်ငံသာ စီးပွားဖြစ် စိုက်ပျိုးရေး (နိုင်ငံခြားတင်ပို့သည့်အဆင့်) လုပ်ဆောင်နေပါသည်။ ပန်းကုန်သွယ်ရေး (ပန်း တင်ပို့မှု) ကို လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀ ကျော်ခန့်က ဥရောပတွင် နယ်သာလန်နိုင်ငံက စတင်ခဲ့သည်။ ဥရောပနိုင်ငံများသို့ ပန်းစီးပွားဖြစ်တင်ပို့ပြီး အင်္ဂလန်နိုင်ငံသို့ အများဆုံးတင်ပို့သူလည်းဖြစ်သည်။

အများဆုံး ထုတ်လုပ်တင်ပို့သူများတွင်လည်း ဥရောပနိုင်ငံများဖြစ်သည့် နယ်သာလန်၊ ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ ဘယ်လ်ဂျီယံတို့က အစဉ်အလာအားဖြင့် အရေးပါခဲ့သော်လည်း လွန်ခဲ့သည့်(၄/၅)နှစ်အတွင်း ပန်းစိုက်ပျိုးထုတ်လုပ်တင်ပို့သူများတွင် သိသိသာသာ တိုးတက်လာသည့် နိုင်ငံများမှာ ကင်ညာ(Kenya)၊ အီကွေဒေါ၊ ကိုလံဘီယာ၊ အီသီယိုးပီးယား၊ အစ္စရေး၊ တရုတ်နိုင်ငံတို့အနေဖြင့် အချိန်တိုအတွင်း ပန်းတင်ပို့သူများ ဖြစ်လာကြသည်။

လက်ရှိအခြေအနေ (၂၀၂၆ ခုနှစ်) တွင် ပန်းအများဆုံးတင်ပို့သူမှာ နယ်သာလန်ဖြစ်ပြီး ယင်း နောက်တွင် ကင်ညာ၊ ကိုလံဘီယာ၊ အီကွေဒေါ၊ အီသီယိုးပီးယား၊ ဘယ်လ်ဂျီယံ၊ တရုတ်တို့ အများဆုံး တင်ပို့ပါသည်။ ပန်းဈေးကွက် တန်ဖိုးမှာ ၂၀၂၅ ခုနှစ် တွင် ဒေါ်လာ ၄၀ ဒသမ ၈ ဘီလီယံ၊ ၂၀၂၆ ခုနှစ် တွင် ဒေါ်လာ ၄၂ ဒသမ ၇ ဘီလီယံ ရှိပါသည်။ လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ဒေါ်လာဘီလီယံ ၆၀ ခန့်ရှိနိုင်ပြီး နှစ်စဉ်တိုးတက်မှုနှုန်း ၄ ဒသမ ၉ ရာခိုင်နှုန်းဖြစ်၍ မြင့်မားသည့် တိုးတက်မှုနှုန်းပင် ဖြစ်သည်။ ကမ္ဘာတွင်ပန်းအများဆုံးဝယ်ယူ တင်သွင်းသူမှာ ဥရောပနိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့ ဖြစ်ပြီး ထို့နောက်တွင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့ အသီးသီးဖြစ်သည်။

၂၀၂၅ ခုနှစ်တွင် နိုင်ငံအလိုက် ပန်းဈေးကွက် တန်ဖိုးများနှင့် တိုးတက်နှုန်းများကို ကြည့်လျှင် အမေရိကန်နိုင်ငံမှာ ဒေါ်လာ ၇ ဒသမ ၇ ဘီလီယံဖြင့် အများဆုံးဖြစ်ပြီး တိုးတက်နှုန်းမှာ ၅ ရာခိုင်နှုန်း ဖြစ်၍ ဒုတိယတိုးတက်မှုနှုန်းအများဆုံးဖြစ်သည်။ တရုတ်၏ ပန်းဈေးကွက်တန်ဖိုးဒေါ်လာ ၄ ဒသမ ၂ ဘီလီယံဖြစ်၍ ဒုတိယအများဆုံး ဖြစ်သော်လည်း တိုးတက်မှုနှုန်းမှာ ၆ ဒသမ ၁ ရာခိုင်နှုန်းဖြစ်၍ အမြင့်ဆုံးဖြစ်သည်။

အခြားတိုးတက်မှုနှုန်းများသည့် နိုင်ငံများမှာ ဂျာမနီ ၄ ဒသမ ၆ ရာခိုင်နှုန်း၊ ကနေဒါ ၄ ဒသမ ၃ ရာခိုင်နှုန်း၊ ဂျပန် ၃ ဒသမ ၈ ရာခိုင်နှုန်း အသီးသီး ဖြစ်ပြီး ယင်းတို့နောက်တွင် ဩစတြေးလျ၊ အိန္ဒိယ နှင့် တောင်ကိုရီးယားဖြစ်သည်။ ကမ္ဘာ့ဒေသကြီးများအလိုက် နှိုင်းယှဉ်ကြည့်လျှင် အာရှ-ပစိဖိတ် ဒေသကြီးသည် တိုးတက်မှုနှုန်း ၂၀၂၄ ခုနှစ်မှစ၍ နှစ်စဉ်တိုးတက်မှုနှုန်း ၈ ရာခိုင်နှုန်းကျော်ရှိသည့် အတွက် အများဆုံးဖြစ်၍ အလားအလာ အကောင်းဆုံး ပန်းဈေးကွက်ဖြစ်ပါသည်။ လက်ရှိ ၂၀၂၆ ခုနှစ် တွင် အာရှ-ပစိဖိတ်ဒေသကြီး၏ ပန်းဈေးကွက် တန်ဖိုးဒေါ်လာ ၁၆ ဒသမ ၅ ဘီလီယံရှိပြီး ၂၀၃၄ ခုနှစ်တွင် တန်ဖိုးအားဖြင့် ဒေါ်လာ ၃၁ ဒသမ ၅ ဘီလီယံ ရှိလာမည်ဖြစ်၍ ရှစ်နှစ်အတွင်း နှစ်ဆ ဝန်းကျင် တိုးတက်လာမည်ဖြစ်သည်။

ကမ္ဘာ့ဈေးကွက်ဝင် ပန်းများ

ပန်းအမျိုးပေါင်းရာနှင့်ချီရှိသော်လည်း ကမ္ဘာ့ပန်းဈေးကွက်တွင် အများဆုံးတွေ့ရသည့် ပန်းများမှာ နှင်းဆီပန်း၊ ကာနေးရှင်း(Carnation)၊ သစ်ခွပန်းများ ၊ လီလီပန်း (Lilies)၊ ကျူးလစ်ပန်း စသည်တို့ ဖြစ်ပြီး ဈေးကွက်အရောင်းအဝယ် အများဆုံးမှာ နှင်းဆီပန်းဖြစ်သည်။ ယခုအခါ အီကွေတာနှင့် နီးသော တောင်အာဖရိကနိုင်ငံများ ကင်ညာ၊ အီသီယိုးပီးယား၊ တန်ဇန်းနီးယား၊ မော်ရိုကိုနှင့် တောင် အမေရိကနိုင်ငံများဖြစ်သည့် ကိုလံဘီယာ၊ အီကွေဒေါ၊ အာရှနိုင်ငံများဖြစ်သည့် တရုတ်၊ အစ္စရေးစသည့် နိုင်ငံများ၏ ပန်းစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်တင်ပို့မှု အောင်မြင်လာသည့်အတွက် ယခင်အစဉ်အလာအရ ပန်းဈေးကွက်ကို ကြီးစိုးခဲ့ကြသည့် နယ်သာလန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ စပိန်၊ ပြင်သစ် တို့အတွက် ဈေးကွက်ပြိုင်ဆိုင်မှုတွင် ကြီးမားသည့် စိန်ခေါ်မှုလည်း ဖြစ်လာပေသည်။

တိုးပွားလာနေသည့် ပန်းအသုံးပြုမှု

ပန်းများကို နိုင်ငံတိုင်းရှိ အိမ်ထောင်စုတိုင်း နေ့စဉ်အသုံးပြုလျက်ရှိပြီး ဘာသာရေး၊ ယဉ်ကျေးမှု၊ လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေးစသည်တို့တွင် အသုံးပြုကြသည်။ သာရေး၊ နာရေးပွဲများ၊ မင်္ဂလာပွဲ၊ မွေးနေ့၊ အမေများနေ့ စသည့် ပွဲအမျိုးမျိုးတို့တွင်လည်း အသုံးပြုလေ့ရှိပါသည်။ ယေဘုယျအားဖြင့် စီးပွားရေးတိုးတက်လာမှုနှင့်အတူ အိမ်ထောင်စုများ၏ သုံးစွဲနိုင်သောဝင်ငွေ တိုးလာသည်နှင့် ပန်းအသုံးပြုမှု တိုးလာလေ့ရှိသလို မြို့ပြများ ထွန်းကားလာမှုနှင့်အတူ ပန်းများအသုံးပြုမှု များလာပါသည်။

ပန်းအခြေပြုစီးပွားရေးလုပ်ငန်းများအနေဖြင့် ဈေးများတွင် လက်လီ လက်ကား ရောင်းချသည့် ဆိုင်များ၊ ကုန်တိုက်ကြီးများ၊ သီးသန့်ပန်းဆိုင်များမှ တန်ဖိုးမြင့်ပန်းခြင်း၊ ပန်းကုံး၊ ပန်းပဒေသာရုံ၊ ပန်း အပင်ပေါက်များ၊ ပန်းပျိုးများစသည်ဖြင့် ထုတ်ကုန် အမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်ရောင်းချကြ ပါသည်။ ပန်းအခြေပြုလုပ်ငန်းများ လုပ်ကိုင်မည်ဆိုလျှင် ပန်း၏အရည်အသွေးကို ထိန်းသိမ်းနိုင်ရန် ပန်းဆိုင်များအနေဖြင့် သတ်မှတ်ထားသည့် အပူချိန်ကို ထိန်းသိမ်းနိုင်သည့် အအေးခန်းကိုပါ လုပ်ဆောင်နိုင်ရန်လိုပါသည်။ ဆိုလိုသည်မှာ ပန်းခင်းများမှ ပန်းဆိုင်များသို့အရောက် သယ်ယူရာမှအစ ဝယ်ယူသုံးစွဲသူအထိ အအေးခန်းပါသည့် သယ်ယူပို့ဆောင်မှုနှင့် ထိန်းသိမ်းမှုတို့ လိုအပ်ပါသည်။

ပန်းစီးပွားဖြစ်စိုက်ပျိုးထုတ်လုပ် တင်ပို့နေသည့် ပန်းတင်ပို့မှုကို ကြည့်မည်ဆိုလျှင် အများစုမှာ လေကြောင်းဖြင့် တင်ပို့လေ့ရှိပြီး စိုက်ကွင်းမှ တင်ပို့သည့် ဈေးကွက်ရှိ အရောင်းဆိုင်များ၊ စူပါမားကတ်များအရောက် အချိန်အားဖြင့် (၂၄-၄၈)နာရီအတွင်း ရောက်ရှိစေရန် စီမံထားသည်။ သယ်ယူဖြန့်ဖြူးမှု တစ်လျှောက်လုံး အအေးခန်းပါရှိသည့် ယာဉ်များ၊ သိုလှောင်ထိန်းသိမ်းမှုများ ပြုလုပ်လေ့ရှိပါသည်။ ဥပမာအားဖြင့်ဆိုရသော် ပန်းတင်ပို့မှုအများဆုံးနှင့် အအောင်မြင်ဆုံးဖြစ်သည့် နယ်သာလန်နိုင်ငံ၏ ပန်းစိုက်ပျိုးတင်ပို့မှုမှာ ရိတ်သိမ်းပြီးသည်နှင့် ချက်ချင်းလေယာဉ်များဖြင့် ဈေးကွက်အသီးသီး ဖြစ်သည့် အမေရိကန်၊ ဥရောပနှင့် အာရှနိုင်ငံများသို့ ဖြန့်လေ့ရှိပါသည်။

ယှဉ်ပြိုင်မှုများလာတော့မည့် ပန်းစိုက်ပျိုးတင်ပို့ရေး

ဥရောပနိုင်ငံများ၏ပန်းစိုက်ပျိုးမှုကို လေ့လာမည်ဆိုလျှင် အများစုမှာ မှန်လုံအိမ်များဖြင့် စိုက်ပျိုး လေ့ရှိပြီး လိုအပ်သည့် အပူချိန်ရရှိစေရန် လောင်စာစွမ်းအင်အသုံးပြုရပါသည်။ ကမ္ဘာ့နိုင်ငံများတွင် ဖွံ့ဖြိုးမှုအရကြည့်သော် ဥရောပနိုင်ငံများသည် အခြားနိုင်ငံများထက်စော၍ ဖွံ့ဖြိုးတိုးတက်လာ မှုကြောင့် အခြားကမ္ဘာ့တောင်ပိုင်းနိုင်ငံများထက် လူနေမှုအဆင့်အတန်းမြင့်မားမှုနှင့်အတူ ပန်းအသုံး ပြုမှု ပိုများခြင်းဖြစ်သည်။ အစဉ်အလာအားဖြင့် ပန်းစိုက်ပျိုးရေးကို လွှမ်းမိုးထားသည်ဆိုသော်လည်း ယခုအခါ တောင်ပိုင်းနိုင်ငံများအနေဖြင့် ပန်းစိုက်ပျိုးမှုတိုးချဲ့လာသည့်အပြင် စရိတ်အရ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် များစွာသက်သာနေခြင်းကလည်း ကမ္ဘာ့ပန်းဈေးကွက်တွင် ယှဉ်ပြိုင်မှုပိုမိုများလာတော့ မည်ဖြစ်သည်။

အထူးသဖြင့် လက်ငင်းနှစ်များအတွင်း သိသိသာသာတိုးတက်လာသည့် ကမ္ဘာ့တောင်ပိုင်းနိုင်ငံ များဖြစ်သည့် ကိုလံဘီယာ၊ အီကွေဒေါ၊ ကင်ညာ၊ အီသီယိုးပီးယား၊ တန်ဇန်းနီးယား၊ မော်ရိုကို စသည့် နိုင်ငံများ၏ အားသာချက်များမှာ တည်ရှိမှုအရ အီကွေတာနှင့် နီးသော နိုင်ငံများဖြစ်သည့်အတွက် လိုအပ်သည့်အပူချိန်ရရှိသောကြောင့် ပန်းစိုက်ပျိုးခင်းများကို ပလတ်စတစ်ရုံများဖြင့် စိုက်ပျိုးလေ့ ရှိပြီး လုံလောက်သော အပူချိန်ရရှိရန် သုံးစွဲရသည့် လောင်စာဆီစရိတ်များစွာ သက်သာပါသည်။

ထို့ပြင် ပန်းစိုက်ပျိုးရေးသည် လုပ်သားများများ သုံးစိုက်ပျိုးရပြီး ခူးဆွတ်ရသည့်အတွက် အဆိုပါ နိုင်ငံများ၏လုပ်သား (အထူးသဖြင့် အမျိုးသမီးများ) ပေါများမှုနှင့်အတူ နှိုင်းယှဉ်လုပ်ခသက်သာမှု ကလည်း အဆိုပါထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်မှု စွမ်းအားမြင့်စေပါသည်။ အထူးသဖြင့် လက်ငင်း နှစ်များအတွင်း ဖြစ်ပေါ်လာသည့် အီရန်-အစ္စရေး စစ်ပွဲကြောင့် လောင်စာဆီစွမ်းအင်သယ်ယူပို့ဆောင် မှု အခက်အခဲများကြောင့် နိုင်ငံတိုင်း လောင်စာဆီ သုံးစွဲနိုင်မှုနှင့် ဈေးနှုန်းများအပေါ် ထိခိုက်မှုများ ရှိနေသည့်အတွက် လောင်စာဆီ အသုံးပြုရသည့် လုပ်ငန်းတိုင်းအတွက် ထုတ်လုပ်မှုစရိတ်တက်လာ နေခြင်းသည် ဥရောပနိုင်ငံအပါအဝင် မြောက်ပိုင်းနိုင်ငံများအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေ ပေသည်။

ဥရောပနိုင်ငံများ၏ ပန်းစိုက်ပျိုးရာတွင် မှန်လုံအိမ်များကို အသုံးပြုပြီး လိုအပ်သည့်အပူချိန်ရရှိရန် လောင်စာဆီအသုံးပြုရ၍ လက်ငင်းနှစ်များအတွင်း ပန်းထုတ်လုပ်မှုအပေါ် ထိခိုက်လာနေပြီဖြစ်သည်။ ပို၍အားသာသည့်အချက်မှာ သဘာဝနေရောင်ခြည်နှင့် အပူချိန်ရရှိမှုကြောင့် ပန်းများ၏အရောင်အဆင်းကိုသာမက မွှေးကြိုင်သည့်အနံ့ကိုပါ ပေးစွမ်းနိုင်ခြင်း ကြောင့် မြောက်ပိုင်းနိုင်ငံများ၏ ပန်းများထက် ကြိုက်နှစ်သက်မှု ပိုများလာခြင်း ဖြစ်သည်။ ထို့အတွက်လည်း အီကွေတာနှင့်နီးသည့် တောင်ပိုင်း နိုင်ငံများအနေဖြင့် ပန်းစိုက်ပျိုးတင်ပို့မှုတွင် ဘက်စုံ ယှဉ်ပြိုင်မှု စွမ်းအား-စရိတ်နှင့် ဈေးသက်သာမှု၊ အရောင်အဆင်း၊ မွှေးကြိုင်မှု၊ ကြိုက်နှစ်သက်မှု ပိုရှိလာနေပြီဖြစ်သည်။ ။

(ဆက်လက်ဖော်ပြပါမည်)