သောင်းသိန်းမြတ် (မွေး/ကု)
ကမ္ဘာဦးအစ လူသားများ စတင်ပေါ်ပေါက်လာကတည်းက သစ်ပင်ပန်းမန်များနှင့် တိရစ္ဆာန်များပါ ရှင်သန်ပေါက်ပွားလာခဲ့ကြသည်။ လူတို့၏ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ စိုက်ပျိုးရေးနှင့် မွေးမြူရေးသည်လည်း တိုးတက်ပြောင်းလဲလာခဲ့ကြသည်။
လူတို့၏ ကျန်းမာရေးနှင့် ဝမ်းစာအတွက် အပင်နှင့် တိရစ္ဆာန်များကို စားသုံးရာမှ စိုက်ပျိုးရေးနှင့် မွေးမြူရေးသည်လည်း အရေးပါသည့် အခန်းကဏ္ဍတစ်ခုဖြစ်ခဲ့ရသည်။ ထို့ထက်ပို၍ ယခုအခါတွင် စားရေ ရိက္ခာဖူလုံရေးနှင့် မိသားစုဝင်ငွေတိုးစေရေးတို့အတွက် အသားကဏ္ဍ ဖူလုံရေးသည်လည်း အရေးကြီးသော အခန်းကဏ္ဍတစ်ခုအဖြစ် ဖော်ဆောင်သတ်မှတ်ခြင်းခံခဲ့ရပေပြီ။
အသားကဏ္ဍဖွံ့ဖြိုးရေးအနက်မှ ဆိတ်မွေးမြူရေးသည် အရေးပါသည့် ကဏ္ဍတစ်ခုဖြစ်လာသည်။ ဆိတ်မှ အသား၊ နို့နှင့် သားရေတို့ကို ရရှိရောင်းချနိုင်သဖြင့် မွေးမြူသူတို့အတွက် အကျိုးအမြတ်ရရှိမှု ပိုမို ဖြစ်ထွန်းခဲ့သည်။ ဆိတ်မွေးမြူခြင်းသည် အရင်းအနှီးနည်းနည်းဖြင့် အချိန်ကာလအနည်းငယ်အတွင်း အကျိုးအမြတ်ရရှိစေနိုင်ရာ ကျေးလက်နေထိုင်သူ ပြည်သူများအတွက် မွေးမြူကြရန် အထူးသင့်လျော်လှပေသည်။ ဆိတ်များသည် ရာသီဥတုဒဏ်နှင့် အစာကြမ်းတမ်းမှုဒဏ်တို့ကို ခံနိုင်ရည်ရှိသော သတ္တဝါမျိုးပင်ဖြစ်သည်။ ဆိတ်မွေးမြူခြင်းဖြင့် စားရေရိက္ခာရရှိစေနိုင်မည့်အပြင် လူနေမှုဘဝအဆင့်တိုးမြှင့်စေနိုင်ရေးအတွက်လည်း များစွာအထောက်အကူပြုနိုင်ပါသည်။
“ဗျို့…ကိုထွန်းမောင်ကြီး။ ဘာတွေ သဲကြီးမဲကြီး ဖတ်နေတာတုံးဗျ”
ညနေပိုင်း ယာတောမှအပြန် ရေမိုးချိုး၍ အေးအေးလူလူ အိမ်ရှေ့ကွပ်ပျစ်တွင်ထိုင်ရင်း မွေးမြူရေးစာစောင်လေးတွေ ရှာဖတ်နေစဉ် အိမ်ရှေ့မှ အထက်ဖော်ပြပါအသံကို ကြားလိုက်ရခြင်းဖြစ်သည်။
“ဟာ…ဒေါက်တာကြီး ဘယ်ကလှည့်လာတာလဲဗျ၊ ထိုင်ပါဦး။ အကြမ်းရည်နဲ့ လက်ဖက်သုပ်လေးလည်း သုံးဆောင်ပါဦး” (ဒေါက်တာကြီးဆိုသူမှာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ တိရစ္ဆာန်ဆေးကုဆရာဝန် ဖြစ်ပါသည်။)
“ဒေါက်တာကြီးရေ။ ဆိတ်မွေးမြူရေးနဲ့ ပတ်သက်တဲ့ စာစောင်လေးတွေ ဖတ်နေတာပါ၊ ရေငတ်တုန်း ရေတွင်းထဲကျဆိုသလို မသိတာလေးတွေ မေးရဦးတော့မှာပဲ။ ဆိတ်မွေးမြူရေးနဲ့ ပတ်သက်တဲ့ စာစောင်လေးတွေ ဖတ်ကြည့်မိတော့ ဆိတ်မွေးမြူဖို့ကို စိတ်ပါဝင်စားလာမိပါတယ်။ လူတွေဟာ ဆိတ်နဲ့သိုးတွေကို ရှေးနှစ်ပေါင်း များစွာကတည်းက အိမ်မွေးတိရစ္ဆာန်အဖြစ် စတင်မွေးမြူခဲ့ကြတာတဲ့။ အထူးသဖြင့်တော့ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ အပူပိုင်းဒေသတွေမှာ မွေးမြူလေ့ရှိကြတယ်လို့ ဆိုတယ်ဗျ။ ပူပြင်းခြောက်သွေ့တဲ့နေရာတွေနဲ့ တောင်ကုန်းတောင်တန်းဒေသတွေမှာလည်း ဆိတ်များကို မွေးမြူခဲ့ကြပါသတဲ့၊ ဆိတ်မွေးမြူရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ နို့၊ အသားနဲ့ သားရေတို့ရရှိဖို့အတွက် ဖြစ်ပါတယ်လို့ ရေးသားထား တာကို ဖတ်ရှုမှတ်သားရပါတယ်။ ကျွန်တော်မသိရှိသေးတဲ့အချက် လေးတွေကိုလည်း ရှင်းပြပြောပြပေးပါဦး ခင်ဗျာ”
“ ဟုတ်တယ် ကိုထွန်းမောင်ကြီးရေ။ ဆိတ်မတစ်ကောင်ဟာ တစ်နေ့ နို့တစ်ပိဿာလောက် ထွက်ရှိနိုင်လို့ နို့ထွက်နှုန်းကောင်းမွန်တယ်။ ဆိတ်သားရေနဲ့ အသားကလည်း ရောင်းချလို့ရတဲ့အခါ ဝင်ငွေ ရရှိစေမှာဖြစ်တဲ့အတွက် တွက်ခြေကိုက်ပြီး မွေးမြူဖို့ကောင်းတဲ့ တိရစ္ဆာန်မျိုးပဲ ဖြစ်ပါတယ်။ ဆိတ်နို့ဟာ အသားဓာတ်နဲ့ အဆီဓာတ် ပါဝင်မှုများတဲ့အပြင် နို့မှာပါဝင်တဲ့ အဆီခဲလေးတွေက သေးငယ်တာကြောင့် နို့သောက်သုံးသူအဖို့ အစာကြေလွယ်ပြီး ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုနဲ့ ဖျားနာလူနာ လူမမာတွေ သောက်သုံးဖို့ ပိုမိုသင့်တော်ပါသတဲ့ဗျာ။ ဆိတ်မတွေဟာ နို့ရရှိဖို့ နို့ညှစ်ရာမှာ လွယ်ကူတဲ့အပြင် သဘာဝအရလည်း အကြမ်းခံနိုင်ပါသေးတယ်၊ အစာမရွေးဘဲ ရှာဖွေစားနိုင်ကြလို့ လွှတ်ကျောင်းစနစ်နဲ့လည်း မွေးမြူနိုင်ပါတယ်”
“ဆက်ပြောပါဦး ဒေါက်တာကြီး ”
“ဆိတ်တွေဟာ တောင်ကုန်းနဲ့ ကျောက်တောင်တွေပေါ်မှာလည်း သွားလာနိုင်ကြတယ်။ ကွင်းပြင်ထက် ကုန်းမြင့်ဒေသတွေကို နှစ်သက်တတ်တဲ့ အလေ့အထရှိကြတယ်။ မြက်၊ သစ်ရွက် အမျိုးမျိုးနဲ့ သစ်ပင်တွေရဲ့ အခေါက်ကို ခွာပြီးတော့လည်း စားတတ်ကြသေးတယ်။ ဆီးပင် အပါအဝင် ဆူးပင်များကို ကြိုက်နှစ်သက်ကြတယ်။ ဆိတ်တွေရဲ့ အစာအိမ်ဟာ အစာအမျှင်ကြမ်းတွေကို ချေဖျက်နိုင်စွမ်းလည်း ရှိကြ တယ်။
“ ဒါကြောင့် စားကျက်မကောင်းပေမယ့် ဆိတ်ကိုကောင်းကောင်း မွေးမြူနိုင်ပါတယ်။ ဒါ့အပြင် ဆိတ်ဟာ မျိုးအောင်မြင်မှုကောင်းလို့ ကောင်ရေပွားနှုန်းကလည်း များပါတယ်၊ တစ်နှစ်ကို နှစ်သားနဲ့ ကိုယ်ဝန်တစ်ဗိုက်ရတဲ့အထိ သားပေါက်နှုန်း မြင့်မားပါတယ်။ ဆိတ်နို့၊ ဆိတ်သားရောင်းချရခြင်းအပြင် ဆိတ်သားရေနဲ့ ပြုလုပ်တဲ့ ဖိနပ်၊ လက်ကိုင်အိတ်၊ လက်ဆွဲအိတ်၊ ဂျာကင်အင်္ကျီ စတာတွေ လုပ်ပြီး ရောင်းချနိုင်တာကြောင့် ဆိတ်မွေးမြူရေးလုပ်ငန်းက ကုန်ကျစရိတ် နည်းနည်းနဲ့ အကျိုးအမြတ်များများရနိုင်တဲ့ စီးပွားဖြစ်မွေးမြူရေး ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်”
“ အခုလို သေချာရှင်းပြလိုက်တော့ မိသားစုအပိုဝင်ငွေရဖို့ ကျွန်တော်တို့ ရေမြေဒေသ ရာသီဥတုနဲ့ကိုက်ညီတဲ့ ဆိတ်မျိုးတွေကို ရှာပြီးမွေးတော့မယ်ဗျာ။ ပထမဦးဆုံး ဆိတ်ပေါက် ငါးကောင်လောက် စမွေးဖို့ စီမံတော့မယ်ဗျာ”
“ကိုထွန်းမောင်က ဆိတ်မွေးမြူမှာဆိုတော့ ‘ဆိတ်’မျိုးနဲ့ ပတ်သက်ပြီး ပြောပြပေးဦးမယ်”
“ မှတ်သားထားပါ့မယ်ခင်ဗျာ”
“ဆိတ်မျိုးပေါင်း မြောက်မြားစွာရှိတယ်ဗျ။ ထုတ်လုပ်မှုအရ တွက်ရင်တော့ အဓိကသုံးမျိုးပဲရှိတယ်လို့ ဆိုရမှာပေါ့။ အသားစား၊ နို့စားနဲ့ အသားရော နို့ပါထွက်နှုန်းကောင်းတဲ့ ဆိတ်မျိုးဆိုပြီးတော့ သတ်မှတ်ထားကြတာပေါ့ဗျာ”
“ကျွန်တော်သိသလောက် ဆိတ်မျိုးတွေကတော့-
(က) ဂျမနာပါရီ (Jamunapari)။ ဆိတ်ကြီးမျိုးဖြစ်ပြီး နို့ထွက်ရော အသားထွက်နှုန်းပါကောင်းတဲ့ ဆိတ်မျိုးပဲဗျ။ ပုံသဏ္ဌာန်ကတော့ နားရွက်ကြီးမားရှည်လျားပြီး တွဲကျနေတတ်တယ်။ နားရွက်အရှည်ကလည်း ၁၀ - ၁၂ လက်မ ခန့် ရှိတတ်တယ်။ နှာတံပေါ်ပြီး ဦးချိုကတော့ ပြားပြီးတော့ တိုတယ်။ အရောင်က အဖြူရောင်မှာ အညို၊ အဝါကွက် အပြောက်တွေရှိတတ်တယ်။ နို့သီးခေါင်းနဲ့ နို့အုံ ကြီးမားဖွံ့ထွားပြီး တွဲကျနေတတ်တယ်။ နို့ထွက်နှုန်းကတော့ ၁ ဒသမ ၅ ပိဿာကနေ ၂ ပိဿာအထိ ရှိတတ်တယ်။ နို့မှာ အဆီ ၃ ဒသမ ၅ ရာခိုင်နှုန်းပါဝင်တယ်။
( ခ ) အင်္ဂလိုနျူဘီယံ (Anglo-Nubian)။ ဆိတ်ကြီးမျိုးဖြစ်တယ်။ အသားအရောင်လှပပြီး တောက်ပတဲ့ အမွှေးရှိတယ်။ နားရွက်ရှည်ပြီး နှာတံပေါ်တယ်။ အရောင်အမျိုးမျိုးရှိတယ်။ အဖြူနဲ့ အဝါရောင်ကွက်ကြား၊ အဖြူနဲ့ အနက်ရောင် ကွက်ကြားတွေလည်းရှိတယ်။ နို့ထွက်နှုန်းကောင်းပြီး တော့ နို့မှာ အဆီပါဝင်နှုန်းများတယ်။
( ဂ ) ဘင်ဂေါလ် (Bengal)။ ဆိတ်မျိုးငယ်ဖြစ်ပြီး အလေးချိန် ပေါင် ၃၀ လောက်ပဲ ရှိတယ်။ နို့ထွက်မကောင်းလို့ နို့အတွက် မွေးမြူဖို့မသင့်ဘူး။ ဒါပေမယ့် အသားထွက်နှုန်းကောင်းပြီး အသားက အရသာရှိတယ်။
(ဃ) ဗာဗာရီ (Babari)။ ဆိတ်ငယ်မျိုး ဖြစ်တယ်။ တစ်နှစ် နှစ်သားကျပြီး တစ်နှစ် နှစ်ကောင်၊ သုံးကောင်မွေးနိုင်တဲ့ ဆိတ်မျိုးဖြစ်တယ်။ နားရွက်တိုပြီး မျက်နှာဖြောင့်စင်းတယ်။ ခြေလက်သေးသွယ်ပြီးတော့ တိုတယ်။ အဖြူရောင်မှာ အညိုရောင်၊ အဝါရောင် အစက်အပျောက်တွေရှိတတ်တယ်။ နို့အုံတွဲကျပြီး နို့ထွက်နှုန်း တစ်နေ့ တစ်ပိဿာလောက် ရှိတတ်တယ်။
( င ) ဗီတယ် (Beetal)။ ဂျမနာပါရီနဲ့ ဆင်ပေမယ့် အရွယ်သေးတယ်။ နားရွက်ရှည်ပြီးတော့ နှာတံပေါ်တယ်။ ဦးချိုက နောက်ကိုလန်ပြီး လိမ်နေတတ်တယ်။ အနီနဲ့ နီဝါရောင်ရှိပြီး အဖြူပြောက်များ ရှိတတ်တယ်။ နို့ထွက်နှုန်း တစ်နေ့တစ်ပိဿာကျော်ကျော် ရရှိတတ်တယ်။ တစ်နှစ် တစ်သား မွေးပေမယ့် တစ်ကြိမ်မွေးရင် နှစ်ကောင်မွေးတတ်တယ်။
( စ ) ဆာနန်(Saanen)။ နို့ထွက်ကောင်းတဲ့ ဆိတ်မျိုးဖြစ်တယ်။ ဆွဇ်အမျိုးအနွယ်ဝင်ဖြစ်တယ်။ ဟော်လန်ကုန်းမြေပြန့်ကနေ ဆင်းသက်ပေါက်ပွားလာတယ်။ ခြေချောင်းတိုပြီး နို့သီးခေါင်းတွေ တွဲကျနေတတ်တယ်။ အဖြူရောင်နဲ့ အနက်ရောင်ရှိတတ်တယ်။ နို့မှာ အဆီ ၄ ရာခိုင်နှုန်းလောက် ပါဝင် တယ်။
(ဆ) မြန်မာဆိတ်မျိုးကို အကြမ်းအားဖြင့် နှစ်မျိုးပဲ မွေးမြူထားတယ်။ ပထမတစ်မျိုးက မြေပြန့်မှာ မွေးမြူလေ့ရှိပြီး နားရွက်ဖားတယ်။ ဂျမနာပါရီမျိုးဖြစ်ပြီး နို့ထွက်ရော အသားထွက်ပါ ကောင်းမွန်တယ်။ ဒုတိယတစ်မျိုးက ဘင်ဂေါလ်မျိုးဖြစ်ပြီး နားရွက်တိုတယ်။ အသားထွက်ကောင်းပြီး အသား က အရသာရှိတယ်။ ရာသီဥတုဒဏ်ခံနိုင်စွမ်း ရှိတယ်။
“ပြောခဲ့တဲ့ ဆိတ်မျိုးတွေကတော့ ကျွန်တော်ဖတ်ရှုမှတ်သား မိသလောက် ဆိတ်မျိုးတွေပဲဖြစ်ပါတယ်။ မြန်မာ့ရာသီဥတု မြေနေရာ ဒေသနဲ့ကိုက်ညီတဲ့ ဆိတ်မျိုးတွေကိုပဲ မွေးမြူသင့်ပါတယ်။
“ဆိတ်မွေးမြူဖို့အတွက် မြေနေရာကို အရင်ရွေးချယ်ရမယ်။ ဆိတ်မွေးဖို့ ခြံဆောက်လုပ်မယ့်မြေနေရာဟာ မြေမာဖြစ်ရပါမယ်။ ခြောက်သွေ့ပြီး လေကောင်းလေသန့်ရရှိနိုင်တဲ့နေရာ ဖြစ်သင့်တယ်။ လေစိမ်းတွေ တရစပ်တိုက်ခတ်နေတဲ့နေရာမျိုး မဖြစ်စေရဘူး။ ဆိတ်တွေက ပူပြင်းခြောက်သွေ့ပြီး မြက်အနည်းငယ်နဲ့ ချုံနွယ်သစ်ပင် ပေါက်ရောက်တဲ့ မိုးနည်းရာဒေသတွေနဲ့ တောင်တန်းဒေသတွေမှာ ဖြစ်ထွန်းနိုင်တယ်။ မြန်မာပြည် အလယ်ပိုင်းနဲ့ အထက်ပိုင်းတွေမှာလည်း မွေးမြူဖြစ်ထွန်းနိုင်ပါတယ်။ ကွင်းပြင်နဲ့ စားကျက်မှာ လှည့်လည် သွားလာကျက်စားတတ်တော့ လုံလောက်တဲ့ မြေနေရာအကျယ်အဝန်းရှိဖို့ လိုအပ်သလို စားကျက်မှာ အရိပ်ခိုဖို့ အပင်တွေနဲ့ သင့်တင့်တဲ့ စားပင်စားကျက်ပင်တွေရှိဖို့ လိုအပ်ပါတယ်။
“မြေနေရာရွေးချယ်မှုအပိုင်းပြီးတော့ ဆိတ်တင်းကုပ်ဆောက်လုပ်ဖို့ကို ပြောပြပေးဦးမယ် ကိုထွန်းမောင်ကြီးရေ”
“ဟုတ်ကဲ့ပါ”
“ဆိတ်ကို စနစ်တကျမွေးမြူဖို့အတွက် သင့်လျော်တဲ့ ဆိတ်တင်းကုပ် ဆောက်လုပ်ရပါမယ်။ ဆိတ်တင်းကုပ်ဟာ ဆိတ်တွေအိပ်ဖို့နဲ့ အနားယူဖို့ဖြစ်သလို ရာသီဥတုအပူအအေးကနေ ကာကွယ်ပေးပြီး လေကောင်း လေသန့်ရရှိတဲ့ အဆောက်အအုံမျိုးကို ဆောက်သင့်ပါတယ်။ ဆိတ် တင်းကုပ်ဆောက်တဲ့အခါ ဒီလိုအချက်တွေကို ထည့်သွင်းစဉ်းစားရပါမယ်-
(က) ဆိတ်တင်းကုပ်ရဲ့ အခင်းကို မြေကြီးနဲ့ ထားမယ်ဆိုရင် မာပြီး ခြောက်သွေ့ရပါမယ်။ အညစ်အကြေးတွေ အလွယ်တကူ သိမ်းဆည်းနိုင်ရပါမယ်။ မိုးရေနဲ့အတူ အညစ်အကြေးတွေ စီးဆင်းနိုင်ရပါမယ်။
( ခ ) ဆိတ်တွေ နားနေဖို့အတွက် လုံလောက်တဲ့ အကျယ်အဝန်း ရှိရပါမယ်။
( ဂ ) ဆိတ်ကြီးနဲ့ ဆိတ်ကလေးတွေ အသက်အရွယ်အလိုက် ခွဲခြားထားနိုင်ဖို့ သင့်လျော်တဲ့ အကန့်ရှိရပါမယ်။
(ဃ) အမိုးက မိုးရေလုံရမယ်။ သက်ငယ်မိုးဖြစ်မယ်ဆိုရင် တံစက်မြိတ် အနည်းဆုံး ၆ ပေရှိသင့်ပြီး ခေါင်အမြင့် ၁၀ ပေ ရှိသင့်ပါတယ်။ အဓိက အမိုးကို ဆိတ်တွေဆွဲပြီး မစားနိုင်စေဖို့ ဖြစ်ပါတယ်။
(င) လေဝင်လေထွက်ကောင်းရပါမယ်။ ဒါမှသာ အခင်းခြောက်သွေ့စေဖို့နဲ့ သန့်ရှင်းရေးပြုလုပ်ဖို့ လွယ်ကူပါမယ်။ လေစိမ်း တိုက်ခတ်မှုမခံရစေဖို့ အကာအရံ ပြုလုပ်ပေးရပါမယ်။
(စ) လုံလောက်တဲ့ အလင်းရောင်ရှိရပါမယ်။ အစာခွက်၊ ရေခွက်တွေ စနစ်တကျထားရှိရပါမယ်။ စိုစွတ်မှုမရှိစေဖို့ အခင်းကို ဝါးကြမ်း(သို့မဟုတ်) သစ်သားကြမ်းခင်းတွေနဲ့ ခင်းကျင်း ပေးရပါမယ်။ အင်္ဂတေအခင်းဖြစ်ရင် ကောက်ရိုး၊ မြက်ခြောက် စတာတွေ ခင်းပေးဖို့လိုပါတယ်။
“ဆိတ်တင်းကုပ်/ဆိတ်ခြံကို ဘယ်လိုပုံစံနဲ့ ဆောက်ဆောက် မွေးမြူရေးလုပ်ငန်းတစ်ခု အကျိုးအမြတ်ရရှိဖို့အတွက် သင့်လျော်တဲ့ ကုန်ကျစရိတ်သာ ကုန်ကျစေပြီး ရေရှည်စီးပွားရေး တွက်ခြေကိုက်စေဖို့ အရေးကြီးပါတယ်။
“ကဲ ကိုထွန်းမောင်ရေ။ ဆိတ်မွေးမြူရေးနဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက်တွေ ပြောဆိုဆွေးနွေးပြီးကြပြီးဆိုတော့ နောက်တစ်ခေါက် ပြန်ဆုံတဲ့အခါကျမှ ဆိတ်တွေအတွက် မွေးမြူနည်းစနစ်တွေ၊ အစာ ရေစာကျွေးမွေးခြင်းနဲ့ ကျန်းမာရေးစောင့်ရှောက်ခြင်းတွေကို ဆွေးနွေး ပြောကြားပေးဦးမယ်ဗျာ။ အခုတော့ အချိန်လည်းလင့်နေပြီမို့ အိမ် ပြန်လိုက်ဦးမယ်ဗျာ”
“ကျေးဇူးတင်ပါတယ်။ ဒေါက်တာ ပြောပြဆွေးနွေးသမျှတွေကို လိုက်နာမှတ်သားပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်ရင်း အောင်မြင်တဲ့ ဆိတ်မွေးမြူသူတစ်ယောက်ဖြစ်မြောက်အောင် ကြိုးစား ဆောင်ရွက်သွားပါမယ်ဗျာ”ဟု ဖြေကြားရင်း ယုံကြည်ချက်အပြည့်ဖြင့် အားသစ်အင်သစ် ခွန်အားသစ်များနှင့်အတူ စွမ်းဆောင်မည်ဟု သန္နိဋ္ဌာန်ချမှတ်မိပါတော့သည်။ ။


