ဦးမင်းဦး (မဟာပညာရေး)
မြန်မာနိုင်ငံ၏ အခြေခံပညာကျောင်းဆောင်ပုဒ်ဖြစ်သော “စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ” သည် ကျောင်းသားတစ်ဦးချင်းစီ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံသားကောင်းတစ်ယောက် ဖြစ်လာစေရန် ရည်ရွယ်ထားသော အနှစ်သာရများဖြစ်သည်။ ပညာရေး၏အခြေခံသည် စိတ်ဓာတ်နှင့် ကိုယ်ကျင့် တရားဖြစ်သည်။ ကျောင်းသားလူငယ်များအနေဖြင့် ရိုးသားဖြောင့်မတ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီခြင်းနှင့် ပြည်ထောင်စုစိတ်ဓာတ်ထက်သန်ခြင်းတို့ရှိစေရန် ရည်ရွယ်သည်။
အခြားအရာအားလုံး၏ အခြေခံအုတ်မြစ်
ကျောင်းသားလူငယ်တစ်ဦး၏ ဘက်စုံဖွံ့ဖြိုးမှုအတွက် ဤအချက်သုံးချက်စလုံးသည် အရေးကြီး သော်လည်း အောင်မြင်သောဘဝခရီးတစ်ခုကို စတင်ထူထောင်မည့် အခြေခံပညာကျောင်းသားများ အတွက်မူ “စိတ်ဓာတ်” သည် အခြားအရာအားလုံး၏ အခြေခံအုတ်မြစ်နှင့် မောင်းနှင်အားဖြစ်သောကြောင့် အရေးအကြီးဆုံးအချက်ဖြစ်သည်။
“စည်းကမ်းနှင့်ပညာ” သည် ကောင်းမွန်သော စိတ်ဓာတ်၏ ရလဒ်များသာဖြစ်သည်။ ဗုဒ္ဓဘာသာ၏ အဆုံးအမများတွင် “မနောပုဗ္ဗင်္ဂမာ ဓမ္မာ” ဟူ၍ ရှိသည်နှင့်အညီ အရာခပ်သိမ်းတို့သည် စိတ်က အကြိုသွားသည်။ ပြင်းပြသော သင်ယူလိုစိတ်၊ ရိုးသားဖြောင့်မတ်လိုသောစိတ်၊ ကြိုးစားလိုသော စိတ်ဓာတ်တို့မရှိပါက မည်သည့်စည်းကမ်းနှင့် ပညာရပ်မှ အသက်ဝင်နိုင်မည်မဟုတ်ပေ။
အခြေခံပညာကျောင်းသားဘဝသည် စိန်ခေါ်မှုများ၊ အခက်အခဲများနှင့် ပြည့်နှက်နေသည်။ စာမေးပွဲကျရှုံးခြင်း၊ သူငယ်ချင်းများနှင့် အဆင်မပြေဖြစ်ခြင်း၊ မိသားစုအခက်အခဲများ ကြုံတွေ့ရခြင်း စသည့်ပြဿနာအမျိုးမျိုးကို ရင်ဆိုင်ရတတ်သည်။ ဤအချိန်တွင် လိုအပ်သည်မှာ ကျရှုံးမှုမှ ပြန်လည် ထူမတ်နိုင်သည့် “ဇွဲလုံ့လ” နှင့် “စိတ်ဓာတ်ခွန်အား” ပင်ဖြစ်သည်။
ကမ္ဘာကျော် ပုဂ္ဂိုလ်များစွာ၏ အဆိုအမိန့်များတွင်လည်း စိတ်ဓာတ်၏အရေးပါပုံကို အလေးထား ဖော်ပြထားသည်ကို တွေ့ရသည်။ နာမည်ကျော် အမေရိကန်သမ္မတဟောင်း အေဘရာဟမ်လင်ကွန်း (Abraham Lincoln) ကဲ့သို့သော ပုဂ္ဂိုလ်များသည် ဘဝတွင် အကြိမ်ကြိမ်ကျရှုံးခဲ့သော်လည်း မဆုတ် မနစ်သော စိတ်ဓာတ်ကြောင့်သာ နောက်ဆုံးတွင် အောင်မြင်မှုရခဲ့ခြင်းဖြစ်သည်။
“အောင်မြင်မှုဆိုသည်မှာ နောက်ဆုံးကျရှုံးမှု အပြီးတွင် နောက်ထပ်တစ်ကြိမ် ဆက်ကြိုးစားခြင်း သာဖြစ်သည်” ဟူသော စကားရပ်သည် စိတ်ဓာတ်၏ အရေးပါပုံကို ထင်ရှားစေသည်။
သို့ဖြစ်၍ အခြေခံပညာကျောင်းသားတိုင်းသည် စည်းကမ်းနှင့်ပညာကို မြတ်နိုးရမည်မှာ မှန်သော် လည်း ၎င်းတို့အားလုံးကို ထိန်းကျောင်းပေးမည့် ခိုင်မာသော “စိတ်ဓာတ်” ကို ဦးစွာတည်ဆောက် ရမည်ဖြစ်သည်။ ရိုးသားဖြောင့်မတ်သည့်စိတ်ဓာတ်၊ ဇွဲလုံ့လရှိသည့် စိတ်ဓာတ်နှင့် ရိုင်းပင်းကူညီ လိုသည့် ပြည်ထောင်စုစိတ်ဓာတ်တို့သည်သာလျှင် ကျောင်းသားတစ်ဦးကို ဘက်စုံပြည့်ဝသည့် လူကောင်းတစ်ယောက်အဖြစ် ပုံဖော်ပေးနိုင်သော အရေးအကြီးဆုံး စိတ်နေစိတ်ထား (Mind Set) အုတ်မြစ်များဖြစ်သည်။
စည်းကမ်းရှိခြင်းသည်လည်း နိုင်ငံတိုးတက်မှုအတွက် အဓိကကျ
“အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဟူသည့်အတိုင်း စည်းကမ်းရှိခြင်းသည်လည်း နိုင်ငံ တိုးတက်မှုအတွက် အဓိကကျသည်။ ကျောင်းစည်းကမ်း၊ လောကစည်းကမ်းများကို လေးစား လိုက်နာခြင်းဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် လေ့ကျင့်ပေး ခြင်းဖြစ်သည်။ ထို့ကြောင့် ခိုင်မာပြီး ကောင်းမွန်သော စိတ်ဓာတ်သည် စည်းကမ်းရှိရန်နှင့် ပညာတတ် ရန်အတွက် မရှိမဖြစ်လိုအပ်သော တွန်းအားတစ်ခု ဖြစ်သည်။
အခြေခံပညာကျောင်းများအတွက် “စည်းကမ်း” သည်လည်း အရေးကြီးသည်ဟုမှတ်ယူထားသည် မှာလည်း ငြင်းစရာမရှိသောအမှန်တရားတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စည်းကမ်းသည် အောင်မြင်မှု၏အုတ်မြစ်နှင့် လူ့အဖွဲ့အစည်း၏ အသက်သွေးကြော ဖြစ်သည့်အတွက်ကြောင့် ဖြစ်သည်။ စည်းကမ်းသည် အရာရာကို စနစ်တကျရှိစေပြီး ပန်းတိုင်ဆီသို့ ဖြောင့်တန်းစွာ ရောက်စေနိုင်သည်။ စည်းကမ်းရှိသူသည် အချိန်ကိုတန်ဖိုးထား သုံးစွဲတတ်ပြီး လုပ်ငန်းဆောင်တာများကို ထိရောက်စွာပြီးမြောက်အောင် ဆောင်ရွက်နိုင်သည်။
မိမိစိတ်ဆန္ဒများကို ထိန်းချုပ်ပြီး မှန်ကန်သည့်ဘက်သို့ ဦးတည်ဆောင်ရွက်နိုင်ရန် စည်းကမ်းက ကူညီသည်။ စည်းကမ်းရှိသော ကျောင်းသားသည် စာသင်ချိန်မှန်ကန်စွာ တက်ရောက်ခြင်း၊ အိမ်စာများကို အချိန်မီလုပ်ဆောင်ခြင်းစသည့် အလေ့အကျင့် ကောင်းများကြောင့် ပညာဗဟုသုတကို ပိုမိုထိရောက်စွာ ဆည်းပူးနိုင်မည်ဖြစ်သည်။ လူတိုင်းစည်းကမ်းကို လိုက်နာမှသာ ရပ်ရွာ၊ ကျောင်း၊ နိုင်ငံတော် စသည်တို့တွင် ငြိမ်းချမ်းသာယာမှုရှိလာမည်ဖြစ်ပြီး ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းဖြစ်လာမည် ဖြစ်သည်။ ထို့ကြောင့် စည်းကမ်းသည် လူတစ်ဦးချင်းစီ၏ ဘဝနှင့် သာယာဝပြောသည့် လူ့အဖွဲ့အစည်း တစ်ခုတည်ဆောက်ရန်အတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။
ပညာရှိမှသာ မှားသည်၊ မှန်သည် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိ
“ပညာ” သည် အရေးကြီးသည်ဟု သတ်မှတ်ခြင်းသည်လည်း အလွန်မှန်ကန်ပြီး ခိုင်မာသော အယူအဆတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပညာရှိမှသာ မှားသည်၊ မှန်သည်၊ ကောင်းသည်၊ ဆိုးသည်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိမည်ဖြစ်သည်။ ၎င်းသည် ကောင်းမွန်သော စိတ်ဓာတ်ဖြစ်ပေါ်လာ စေရန်နှင့် မှန်ကန်သော ဆုံးဖြတ်ချက်များချမှတ်နိုင်ရန် အခြေခံဖြစ်ပြီး အမှားအမှန် ခွဲခြားသိမြင်နိုင်ခြင်းဖြစ်သည်။
ယနေ့ခေတ်ကမ္ဘာကြီးတွင် ပညာမတတ်ဘဲ ဘဝရပ်တည်ရန် မလွယ်ကူချေ။ ပညာသည်သာလျှင် မိမိကိုယ်မိမိနှင့် မိသားစုကို ထောက်ပံ့နိုင်စေပြီး နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု နှင့် ဘဝရပ်တည်မှုကို ကူညီစေနိုင်သည်။ ပညာရှိသူသည် သူတစ်ပါး၏ သွေးဆောင်ဖြားယောင်းမှု သို့မဟုတ် လွှမ်းမိုးမှုအောက်သို့ အလွယ်တကူ မရောက်ရှိဘဲ မိမိကိုယ်ပိုင်ဉာဏ်ဖြင့် လွတ်လပ်စွာတွေးခေါ်ဆုံးဖြတ်နိုင်သည်။ ပညာကြောင့် စည်းကမ်းကို အဘယ်ကြောင့် လိုက်နာရသည်ဆိုသောအကြောင်းပြချက်နှင့် အနှစ်သာရကို ပိုမိုနားလည်သဘောပေါက်စေသည်။ ထို့ကြောင့် စည်းကမ်းကို ပိုမိုထိရောက်စွာ လိုက်နာကျင့်သုံးနိုင်မည်ဖြစ်သည်။ ပညာသည် လူသားအချင်းချင်းနှင့် မိမိပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်စွာ နားလည်စေပြီး ပိုမိုပြည့်စုံသည့် ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်စေမည့် သော့ချက်ပင်ဖြစ်သည်။
အပြန်အလှန်အားဖြည့်
‘စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ’ ဟူသော ဆောင်ပုဒ်ပါ အချက်သုံးချက်စလုံးသည် တစ်ခုနှင့် တစ်ခု ဆက်စပ်နေပြီး ခွဲခြား၍မရနိုင်ပေ။ တစ်ခုပြည့်စုံရန်အတွက် အခြားတစ်ခုက မရှိမဖြစ်လိုအပ်သည့် အပြန်အလှန်အားဖြည့်မှုများဖြစ်သည်။
အခြေခံပညာကျောင်းသားဘဝသည် ဘဝ၏ အရေးကြီးဆုံး ရွှေမင်ရည်စိမ် ကာလတစ်ခုဖြစ်သည်။ ဤကာလတွင် ကျောင်းသားတိုင်း လိုက်နာသင့်သည့် အဓိကတာဝန်နှစ်ရပ်မှာ “စာသင်ကြားခြင်း” နှင့် “စိတ်ပြင်ဆင်ခြင်း” ပင်ဖြစ်သည်။ ဆရာ ဆရာမများနှင့် မိဘများက မကြာခဏဆိုသလို ပြောကြားလေ့ ရှိသည့် “စာကိုလည်းသင် စိတ်လည်းပြင်” ဟူသော ဆောင်ပုဒ်သည် ဤအချက်နှစ်ခု၏ အရေးပါပုံကို အတိုဆုံးနှင့် အထိမိဆုံး ဖော်ညွှန်းနေသည်။
“ပညာသည် အဖိုးမဖြတ်နိုင်သော ရတနာ” ဟူသောစကားပုံအတိုင်း ပညာရပ်များသည် ကျောင်းသားတစ်ဦး၏ အနာဂတ်ဘဝအတွက် မရှိမဖြစ်လိုအပ်သည့် အသိဉာဏ်အလင်းနှင့် လက်နက်များဖြစ်သည်။ စာသင်ကြားခြင်းဖြင့် ကမ္ဘာကြီးအကြောင်း၊ သဘာဝလောကအကြောင်း၊ လူမှုပတ်ဝန်းကျင်အကြောင်း ဗဟုသုတအသိပညာများ တိုးပွားစေသည်။ ဘာသာရပ်အလိုက် လေ့ကျင့် ခန်းများလုပ်ဆောင်ခြင်းဖြင့် ပြဿနာဖြေရှင်းနိုင်စွမ်း၊ ဝေဖန်ပိုင်းခြားနိုင်စွမ်းနှင့် တွေးခေါ်နိုင်စွမ်းတို့ ကျွမ်းကျင်တိုးတက်ရရှိလာမည်ဖြစ်သည်။ ရရှိလာ သောပညာရပ်များကိုအသုံးချ၍ မိမိအတွက် ကောင်းမွန်သော အသက်မွေးဝမ်းကျောင်းမှု အခွင့် အလမ်းများရှာဖွေနိုင်ပြီး မိသားစုဘဝရပ်တည်မှုနှင့် နိုင်ငံအကျိုးကိုလည်း ဆောင်ရွက်နိုင်သည်။
သို့သော် စာတတ်ရုံဖြင့် ပြည့်စုံသော လူတစ်ယောက် မဖြစ်နိုင်သေးသဖြင့် ဒုတိယပိုင်း ဖြစ်သည့် “စိတ်ပြင်ဆင်ခြင်း” က အဓိကအားဖြည့်ပေးသည်။
“စိတ်” သည် လူသားအားလုံးကို မောင်းနှင်နေသည့် စွမ်းအားဖြစ်သည်။ မည်မျှပင်ထူးချွန်သည့် ပညာတတ်ဖြစ်စေကာမူ စိတ်ဓာတ်နှင့် စာရိတ္တမကောင်းမွန်ပါက လူ့အဖွဲ့အစည်းအတွက် အကျိုး ရှိနိုင်မည်မဟုတ်ပေ။ ရိုးသားမှု၊ သစ္စာရှိမှု၊ ကြင်နာတတ်မှု၊ သူတစ်ပါးအပေါ်လေးစားမှု စသည့် ကောင်းမွန်သောစိတ်ဓာတ်များကို မွေးမြူရမည်။ ၎င်းသည် မြန်မာ့ယဉ်ကျေးမှုနှင့် ထုံးတမ်းစဉ်လာများ ကို ထိန်းသိမ်းခြင်းဖြစ်ပြီး ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းဖြစ်သည်။
စိတ်ကိုထိန်းချုပ်ပြီး ကျောင်းစည်းကမ်း၊ လမ်းစည်းကမ်းနှင့် လောကပါလတရားများကို လိုက်နာကျင့်သုံးတတ်သည့် စည်းကမ်းလိုက်နာရေး အလေ့အကျင့်သည်လည်း အရေးကြီးသည်။ စာသင်ကြားရာတွင် အခက်အခဲကြုံတွေ့တိုင်း လွယ်လွယ်အရှုံးမပေးဘဲ ပြန်လည်ကြိုးစားလိုသည့် ခိုင်မာသောစိတ်ဓာတ်ကို ပြုပြင်တည်ဆောက်ရမည် ဖြစ်သည်။
“စာကိုလည်းသင် စိတ်လည်းပြင်” ဟူသော ဆောင်ပုဒ်သည် ပညာရေး၏အနှစ်သာရကို အပြည့်အဝဖော်ညွှန်းသည်။ စာသင်ကြားခြင်းဖြင့် ဉာဏ်ပညာကိုရရှိပြီး စိတ်ကိုပြင်ဆင်ခြင်းဖြင့် ကိုယ်ကျင့်တရားနှင့် စိတ်ဓာတ်ကို မြှင့်တင်ရမည် ဖြစ်သည်။ ဤအချက်နှစ်ခု မျှတစွာ ပေါင်းစပ်မှသာ ပြည့်ဝသော အနာဂတ်တွင်အားကိုးရမည့် နိုင်ငံ့သားကောင်းများဖြစ်လာကြမည်မှာ ဧကန်မလွဲပင် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
ကိုးကား - နေ့စဉ်ထုတ်သတင်းစာများ


