ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ လေးယောက်တွဲနှင့် နှစ်ယောက်တွဲ အုပ်စုပွဲများတွင် မြန်မာအသင်းများ ရလဒ်ကောင်း

ရန်ကုန်     ဩဂုတ်     ၅

(၃၉) ကြိမ်မြောက် ထိုင်းဘုရင့်ဖလား  ပိုက်ကျော်ခြင်းပြိုင်ပွဲ လေးယောက်တွဲနှင့် နှစ်ယောက်တွဲပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို သြဂုတ် ၅ ရက်က စတင်ကျင်းပရာ မြန်မာအသင်းများ ရလဒ်ကောင်း ရယူနိုင်ခဲ့သည်။

အမျိုးသားလေးယောက်တွဲပြိုင်ပွဲ အုပ်စုပွဲတွင် မြန်မာအသင်းက တောင်ကိုရီးယားအသင်းကို ၁၅ - ၈  မှတ်၊  ၁၅ - ၇   မှတ်ဖြင့် နှစ်ပွဲပြတ်၊ မလေးရှားအသင်းကို ၁၇ - ၁၆  မှတ်၊  ၁၅ - ၈  မှတ်ဖြင့်  နှစ်ပွဲပြတ်ဖြင့်  အနိုင်ရရှိပြီး  အမျိုးသမီးလေးယောက်တွဲပြိုင်ပွဲ အုပ်စုပွဲတွင် မြန်မာအသင်းက အိန္ဒိယ အသင်းကို   ၁၅-၄  မှတ်၊  ၁၅-၈ မှတ်ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိသည်။ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ အုပ်စုပွဲတွင် မြန်မာအသင်းက အိန္ဒိယအသင်းကို ၁၅-၈ မှတ်၊ ၁၅-၁၀ မှတ်ဖြင့် နှစ်ပွဲပြတ် အနိုင်ရရှိသည်။

ပြိုင်ပွဲအုပ်စုခွဲဝေထားမှုအရ နှစ်ယောက်တွဲ အမျိုးသမီးပွဲစဉ်တွင် မြန်မာအသင်းသည် အုပ်စု (B) ၌ ပါကစ္စတန်၊ အိန္ဒိယ၊ လေးယောက်တွဲ အမျိုးသားပွဲစဉ်တွင်   မြန်မာအသင်းသည်   ဘင်္ဂလားဒေ့ရှ်၊  ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ မလေးရှားအသင်းတို့နှင့် အုပ်စု (C) ၊ လေးယောက်တွဲ အမျိုးသမီးပွဲစဉ် တွင် မြန်မာအသင်းသည် တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ အိန္ဒိယအသင်းတို့နှင့် အုပ်စု (B) တို့တွင် ကျရောက်နေသည်။

အုပ်စုတတိယနေ့ကို သြဂုတ် ၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာပိုက်ကျော်ခြင်းအသင်းများသည် လေးယောက်တွဲ အမျိုးသားပွဲစဉ်၊ အမျိုးသမီးပွဲစဉ်၊ နှစ်ယောက်တွဲ အမျိုးသမီးပွဲစဉ် အုပ်စုလက်ကျန်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ချစ်ကိုကို

ဓာတ်ပုံ-TSF