မန္တလေး ဩဂုတ် ၅
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ယနေ့နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၇၁ ဦး တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၁၆ ဦး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း ၂၀ အား သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည် ဖြေကြားခြင်းတို့ကို ဆောင်ရွက်ပြီး လွှတ်တော်ဥက္ကဋ္ဌက “ဥပဒေကြမ်း ပြုစုရေးဆွဲရေးအဖွဲ့များ” ဖွဲ့စည်းရန် လွှတ်တော်သို့တင်ပြ၍ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။
ထို့ပြင် “မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၏ ဘဏ္ဍာရေးနှစ်အလိုက် ပိုလျှံငွေများကို ဖြည့်စွက် ရန်ပုံငွေအဖြစ် အသုံးပြုရေးနှင့် အကြောင်း အမျိုးမျိုးကြောင့် ဝင်ငွေရရှိမှုနည်းသော မြို့နယ် စည်ပင်သာယာရေး အဖွဲ့များကို တိုင်းဒေသကြီး အစိုးရရန်ပုံငွေမှ အထောက်အပံ့ပေးရေး” အဆိုကို ငါန်းဇွန်မြို့နယ် ကိုယ်စားလှယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်သူက တင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ထောက်ခံ၍ အဆိုကို ဆွေးနွေး ရန် သင့်/မသင့် လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူသည့်အတွက် အဆို နှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း ပေးသွင်းနိုင်ကြောင်းနှင့် ဆွေးနွေးမည့်နေ့ရက်ကို ကြေညာသည်။
မန္တလေးတိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ရပ်နားခဲ့ပြီး အစည်းအဝေး (တတိယနေ့)ကို ဩဂုတ် ၆ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)


