၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်      ဩဂုတ်     ၅

အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဖူဆယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆  ခုနှစ်  ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲကို   နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ  ဖူဆယ်အားကစားရုံ၌  ကျင်းပလျက်ရှိရာ ယနေ့ အုပ်စုပတ်လည်ပွဲစဉ် တွင် နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးအသင်းကို   ၁၀  ဂိုး - တစ်ဂိုး ဖြင့်  အနိုင်ရရှိခဲ့သည်။

အလားတူ  ပြည်ထဲရေးဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို ၂၃ဂိုး- ဂိုး မရှိဖြင့်လည်းကောင်း၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက အလုပ်သမားဝန်ကြီးဌာနအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့်လည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို ၁၉ ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ အားကစား ရေးရာဝန်ကြီးဌာနအသင်းက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် လည်းကောင်း၊   နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအသင်းကို လေးဂိုး-တစ်ဂိုးဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

ဩဂုတ် ၆ ရက်တွင် ဖူဆယ်ပြိုင်ပွဲအုပ်စုပတ်လည် ပွဲစဉ်များအဖြစ် လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းနှင့် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအသင်း၊ ပညာရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီး ဌာနအသင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအသင်းနှင့် သာသနာရေးဝန်ကြီးဌာနအသင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးအသင်းနှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအသင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အားကစားဝါသနာရှင်များ မည်သူမဆို    “အခမဲ့”  လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း  သိရသည်။

သတင်းစဉ်