ပဲခူး ဩဂုတ် ၅
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးဂိတ်ရှိ ပို့ကုန်စစ်ဆေးရေးဂိတ်နှင့် သွင်းကုန်စစ်ဆေးရေးဂိတ်များတွင် မော်တော်ယာဉ်များအား ခေတ်မီ x-Ray စက်ကြီးများ၊ Mobile x-Ray စက်များဖြင့် နေ့စဉ် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုကဲ့သို့ မော်တော်ယာဉ်များအား စက်များဖြင့် စစ်ဆေးဆောင်ရွက်မှုကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့် အတူ ယနေ့နံနက်ပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့ပြင် ဒိုက်ဦးမြို့ ဒေသခံ တောင်သူများအတွက် မိုးသီးနှံ စိုက်ပျိုးစရိတ် ချေးငွေများကို ဒိုက်ဦးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်၌ သွားရောက်တွေ့ဆုံ ပေးအပ်သည်။
တွေ့ဆုံစဉ် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ တစ်ဧကစိုက်ပျိုးစရိတ် သက်သာ စေရေး၊ သဘာဝမြေဩဇာနှင့် ရွက်ဖျန်းမြေဩဇာ ထုတ်လုပ် သုံးစွဲနိုင်ရေးတို့ကိုလည်း ဆွေးနွေး ပြောကြားသည်။
ထို့အတူ ဝေါမြို့နယ် အဗျား ဘိုတဲကျေးရွာအုပ်စု၌ တစ်ကွင်း တစ်ဆက်တည်း အကွက်ကျယ် စံပြကွက်ဧက ၃၅၀ တန်ဖိုးမြင့် တောင်ပျံပေါ်ဆန်းစပါး စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှု၊ သဘာဝ ကွင်းစာဖြင့် ဥစားဘဲကောင်ရေ ၃၀၀၀ မွေးမြူထားရှိမှု၊ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် အောင်မြင်စွာ လုပ်ငန်းလုပ်ကိုင်နေသည့် အဗျားဘိုတဲကျေးရွာရှိ ဦးသက်နိုင်ဦးနှင့် ဒေါ်ခင်သန်းနု တို့၏ ဒေသထွက် ငါးရံ့ခြောက် အရောင်းဆိုင်များကို ကြည့်ရှု အားပေးခဲ့သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


